ရခိုင်ရှိ နပခ တိုင်းစစ်ဌာနချုပ်ကို လက်နက်ချအညံ့ခံရန် ကမ်းလှမ်းထားကြောင်း AA ‌ပြော

ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ခိုင်သုခနှင့် လုံခြုံရေးယူထားသော AA တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်

မဇ္ဈိမ

ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက်ဖြစ်သော အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကို လက်နက်ချ အညံ့ခံရန် ကမ်းလှမ်းထားကြောင်း ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေးက ယနေ့ (မတ်လ ၂၉ ရက်) တွင် ထုတ်ပြန်သည်။

လက်နက်ချ အညံ့ခံရန်အတွက် မည်သည့်နေ့က ကမ်းလှမ်းထားသည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြမထားသော်လည်း မတ်လ ၂၉ ရက်နေ့အထိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဘက်က လက်နက်ချ အညံ့ခံခြင်း မရှိသေးကြောင်း AA ၏ ထုတ်ပြန်ချက်က ဆိုသည်။

ယင်းအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက် မီတာ ၁,၄၀၀ ခန့်အကွာတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား မတ် ၂၆ ရက်က ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

နာရီဝက်ခန့်ကြာသော အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၁၅ ဦးခန့် ကျဆုံးပြီး ရက္ခိုင့်တပ်တော် (AA) ဘက်ကလည်း တပ်ဖွဲ့၀င်နှစ်ဦး အသေးစားဒဏ်ရာရရှိခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့ပြီး ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်သည်။

၂၀၀၀ ပြည့်နှစ်မှ စတင်၍ အမ်းမြို့မှာ အခြေစိုက်သော အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) သည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့တွင် လုံခြုံရေးနှင့် စစ်ဆင်ရေးများကို အဓိက တာဝန်ယူရသည့် စစ်ဌာနချုပ်တခုလည်း ဖြစ်သည်။

နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးအတွင်း ရခိုင်ရှိ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲနှင့် ချင်းပြည်နယ် ပလက်ဝဒေသတခုလုံးကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားသည်။

“စစ်ကောင်စီတပ်သားတွေက အထက်အမိန့်ကို အဆုံးစွန်ဆုံးနာခံဖို့ Motivation မရှိတော့တာလည်း ပါမှာပေါ့၊ ပြောချင်တာက ဓားခုတ်ရာ လက်ဝင်မလျိုကြတော့ဘူးပေါ့ဗျာ။ ရခိုင်မှာစခန်းတွေအကုန်လုံးနီးပါး လက်နက်ချတာကြည့်ရင် သိနိုင်ပါတယ်” စစ်ရေးကို စောင့်ကြည့်နေသော ရခိုင်လူငယ်တဦးက ပြောသည်။

စစ်ကောင်စီသည် ချင်းပြည်နယ် ပလက်ဝဒေသနှင့် ရခိုင်က အရေးပါသော မြို့များကို AA ၏ ထိုးစစ်များအောက် တခုပြီးတခု လက်လွှတ်နေရချိန် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) တိုင်းမှူးနေရာကို အပြောင်းအလဲ လုပ်ခဲ့သည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးအား စစ်ကောင်စီက ရာထူးမှဖယ်ရှားပြီး သူ့နေရာတွင် တနင်္သာရီတိုင်းရှိ ကမ်းရိုးတန်းစစ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦးကို နပခတိုင်းမှူးအဖြစ် တာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီက မတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

လက်ရှိ နပခတိုင်းမှူးဖြစ်လာသူ ဗိုလ်မှူးချုပ်ကျော်စွာဦးသည် တိုက်ခိုက်ရေးကျောင်း (ဗထူး) ၏ ကျောင်းအုပ်ကြီးတဦးလည်း ဖြစ်သည်။

“အေအေသိမ်းထားတဲ့ နယ်မြေတွေပြန်ရဖို့က မလွယ်လောက်တော့ဘူး အနီးစပ်ဆုံးပြောရရင် ပအို့ဝ်က ဆီဆိုင်လိုမြို့လေးကိုတောင် သူတို့ပြန်မတိုက်နိုင် တော့တဲ့ အခြေအနေပဲကြည့်လေ” ဟု စစ်ရေးစောင့်ကြည့်နေသူ အထက်ပါ ရခိုင်လူငယ်က မဇ္ဈိမကို ပြောသည်။

အမ်းမြို့နှင့် နီးစပ်သည့် မကွေးတိုင်း၊ ငဖဲမြို့နယ်တွင်လည်း ရက္ခိုင့်တပ်တော် (AA) က လှုပ်ရှားနေပြီး မတ်လ ၂၆ ရက်နေ့တွင် အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော် (AA) တို့ နာရီဝက်ကြာ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကော်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးသွားကြောင်း AA က ထုတ်ပြန်သည်။

လက်ရှိ အမ်းမြို့နယ်တွင် ထိတွေ့တိုက်ပွဲ ကြီးကြီးမားမား မရှိသေးသော်လည်း အမ်းမြို့ ပတ်ဝန်းရှိ မြို့များကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားခြင်းနှင့် တိုက်ပွဲများ ဖော်ဆောင်နေ၍ အမ်းမြို့အခြေစိုက် တိုင်းစစ်ဌာနချုပ်သည်လည်း လှုပ်မရသည့် အနေအထားဖြစ်ကြောင်း စစ်ရေးကို စောင့်ကြည့်နေသူများက ပြောသည်။

လက်ရှိမှာ ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောမြို့နှင့် ဘူးသီးတောင် မြို့တို့တွင် ရက္ခိုင့်တပ်တော် (AA) က မြို့သိမ်းတိုက်ပွဲများအဖြစ် ဆင်နွှဲနေပြီး နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်သည်။

တိုက်ပွဲများအတွင်း လက်နက်ချ အညံ့ခံသည့် စစ်တပ်နှင့် ၎င်းတို့၏ တပ်မိသားစုဝင် စုစုပေါင်း ထောင်နှင့်ချီ ရှိနေပြီး ၎င်းတို့ကို ကောင်းမွန်စွာ စောင့်ရှောက်ထားကာ လက်နက်ချအညံ့မခံသော တပ်စခန်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) ၏ မတ်လ ၂၇ ရက်နေ့ ထုတ်ပြန်ချက်တွင် သတိပေးထားသည်။

စာတည်း။ ။ နောင်နောင်