ရှမ်းမြောက်တွင် SSPP နှင့် MNDAA ၂ ရက်ဆက်တိုက်ပွဲဖြစ်၊ ပြေလည်အောင်ညှိနှိုင်းကြရန် ဒေသခံများလိုလား

ဓါတ်ပုံ- သိန္နီမြို့ရဲစခန်းကို MNDAA နှင့်မဟာမိတ်တပ်များ သိမ်းပိုက်ခဲ့စဉ်

ဓါတ်ပုံ- သိန္နီမြို့ရဲစခန်းကို MNDAA နှင့်မဟာမိတ်တပ်များ သိမ်းပိုက်ခဲ့စဉ်

ဂျူချန်း

(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA)နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) တို့နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့ကြောင်း SSPP ထုတ်ပြန်ချက်နှင့်ဒေသခံများထံမှသိရသည်။

သိန္နီမြို့နယ်၊နမ့်စလပ်ကျေးရွာအုပ်စုနှင့်စယ်အူကျေးရွာအုပ်စုရှိ SSPP တပ်ရှိရာကို မတ်လ ၂၆ ရက်နေ့ ညနေ ၃နာရီခန့်တွင် MNDAA မှ ဒရုန်းဖြင့် စတင်တိုက်ခိုက်ရာမှ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း SSPPက ယနေ့ မတ်လ ၂၈ရက် နံနက် အစောပိုင်းတွင် ထုတ်ပြန်ထားသည်။ ယမန်နေ့ မတ်လ ၂၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင်လည်း SSPP အထူးတပ်စခန်းတနေရာကို MNDAA က ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ပြီး နံနက် ၁၁ နာရီတွင် အင်အား ၂၀၀ ကျော်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် နေ့ခင်း ၁၂ နာရီကျော်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း SSPP ကထုတ်ပြန်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း ဖြစ်ပွားသည့်တိုက်ပွဲကြောင့် ဒေသခံများ၏ လုံခြုံရေးအတွက် စိုးရိမ်ရပြီး အချင်းချင်းပြေလည်အောင်ညှိနှိုင်းကြရန် ဒေသခံများကပြောသည်။

” သူတို့အချင်းချင်းဖြစ်နေကြတာ။ မဖြစ်သင့်ဘူးလေ။ စိတ်ညစ်စရာကောင်းတယ်။ တော်တော်ကိုစိတ်ညစ်စရာကောင်းတယ်။ သူတို့ကြွေးကြော်ထားတာနဲ့ တခြားစီပဲ။ နွားကွဲတော့ ကျားဆွဲတယ်လေ။ ဒီအချိန်မှာ တပ်(စစ်ကောင်စီတပ်)က ပြန်ဝင်လာလိမ့်မယ်။ မယုံစောင့်ကြည့်” ဟု ဒေသခံတဦးက ပြောသည်။

တိုက်ပွဲသည် မတ်လ ၂၇ ရက်နေ့ နေ့လယ်အထိ ဆက်လက်ဖြစ်ပွားခဲ့ပြီး မွန်းလွဲပိုင်းတွင် ဖုန်းလိုင်းများ ပြတ်တောက်သွား၍ မြေပြင်အခြေနေကိုမသိရှိရတော့ကြောင်းသိန္နီမြို့ခံတဦးကပြောသည်။

“သိန္နီက မနေ့ကအထိ ဖြစ်တယ်။ ဖုန်းလိုင်းကပြန်ပြတ်သွားတော့ မနေ့နေ့လယ်ပိုင်းကစ ဘာသတင်းမှ မရတော့ဘူး။ အောက်ခြေမှာတော့ ဖြစ်နေကြတာကြာပြီ။ ထိတွေ့မှုမဖြစ်ပေမယ့် တဖက်နဲ့တဖက် မောင်းထုတ်တာကို ကျနော်တို့ နားမဆံ့အောင် ကြားနေရတယ်” ဟု ၎င်းကပြောသည်။

စစ်ရေးတင်းမာမှုကို နှစ်ဖက်စလုံးက လျှော့ချပြီး ပြေလည်အောင်ညှိနှိုင်းကြရန် ဒေသခံများကတောင်းဆိုသည်။

ဓါတ်ပုံ- SSPP တပ်ဖွဲ့ဝင်များ

ရှမ်းပြည်နယ်မြောက်ပိုင်းစစ်ရေးလေ့လာသူတဦးကလည်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီသည် ဟိုင်ဂင်စာချုပ်ကြောင့် အပစ်အခတ်ရပ်စဲထားသော်လည်း နှစ်ဖက်စလုံးမှ အင်အားတိုးချဲ့နေကာ အချိန်မရွေးတိုက်ပွဲပြန်လည်ဖြစ်ပွားနိုင်ကြောင်း၊ ထိုအခြေအနေတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ချင်းချင်း တိုက်ပွဲဖြစ်ပွားခြင်းက ဒေသခံများအတွက် ဆိုးကျိုးသာဖြစ်စေမည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA၏ ထိုးစစ်ဆင်တိုက်ခိုက်မူများကို ခုခံကာကွယ်သည့် အနေအထားဖြင့်သာ ခုခံတိုက်ခိုက်ခဲ့ပြီး တိုင်းရင်းသား အချင်းချင်းပြည်လည်သင့်မြတ်ရေးအတွက် ရှေးရှုကာ တွေ့ဆုံဆွေးနွေးမူလမ်းစဉ်ဖြင့် အတတ်နိုင်ဆုံး ပြသာနာများဖြေရှင်းသွားနိုင်ရန်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု SSPPက ထုတ်ပြန်ထားသည်။တွေ့ဆုံဆွေးနွေးခြင်းလမ်းစဥ်ဖြင့် လုံးဝဖြေရှင်းလို့ မရမှသာ ‌ဒေသခံများအားကာကွယ်နိုင်ရေးအတွက် ထိထိရောက်ရောက်ပြန်လည် တုံ့ပြန်သွားမည်ဟု အသိပေးထားသည်။

ယင်းတိုက်ပွဲနှင့်ပတ်သက်၍ MNDAA ဘက်မှ တစုံတရာ ထုတ်ပြန်ထားခြင်းမရှိသေးပေ။ လတ်တလောအခြေအနေအသေးစိတ်ကို သိရှိနိုင်ရန် SSPP နှင့် MNDAA တာဝန်ရှိသူများကို မဇ္ဈိမမှဆက်သွယ်မေးမြန်းနေသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

သိန္နီမြို့နယ်သည် SSPP စစ်ရေးလှုပ်ရှားသော ဒေသဖြစ်‌ကြောင်း ဒေသခံများကပြောသည်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA နှင့် မဟာမိတ်ပူးပေါင်းတပ်များက စစ်ကောင်စီတပ်များကို တိုက်ထုတ်ကာ သိန္နီမြို့ကို သိမ်းပိုက်ခဲ့ပြီး ရှမ်းပြည်နယ် အထူးဒေသ (၁) ၏ ခရိုင်တခုအဖြစ် သတ်မှတ်ကာ အုပ်ချုပ်ရေးယန္တရား ထူထောင်ခဲ့သည်။ ထိုအချိန်မှစ၍ နယ်မြေအတွင်းရှိသည့် SSPP နှင့် စစ်ရေးတင်းမာလာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

SSPP/SSA နှင့် MNDAA သည်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)တွင် ပါဝင်သည်။

စာတည်း – အေးချမ်း