ပါကစ္စတန်တိုက်ခိုက်မှုအတွင်း တရုတ်အင်ဂျင်နီယာ ၅ ဦး သေဆုံးပြီးနောက် တရုတ်ကုမ္ပဏီက လျှပ်စစ်ဓာတ်အားစီမံကိန်းကို ရပ်ဆိုင်း

ပုံ - ၂၀၂၄ ခုနှစ် မတ်လ ၂၆ ရက်က ပါကစ္စတန်နိုင်ငံ ခိုင်ဘာပက်ခ်တွန်ခဝါပြည်နယ် ရှန်ဂလာခရိုင်တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားသည့်နေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးနေစဉ်။

ပုံ – ၂၀၂၄ ခုနှစ် မတ်လ ၂၆ ရက်က ပါကစ္စတန်နိုင်ငံ ခိုင်ဘာပက်ခ်တွန်ခဝါပြည်နယ် ရှန်ဂလာခရိုင်တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားသည့်နေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးနေစဉ်။

အသေခံဗုံးခွဲတိုက်ခိုက်ခံရမှုတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ တရုတ်နိုင်ငံသား ငါးဦးနှင့် ယာဉ်မောင်း ၁ဦးသေဆုံးခဲ့သည်။
WION

တရုတ်ကုမ္ပဏီသည် Tarbela ဆည် ငါးကြိမ်မြောက်တိုးချဲ့စီမံကိန်းကို ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်သောကြောင့် ပါကစ္စတန်၏ စီးပွားရေးနှင့် စွမ်းအင်ကဏ္ဍသည် နောက်ထပ် ထိုးနှက်ချက်တခုကို ခံစားရဖွယ်ရှိသည်။

စွမ်းအင်စီမံကိန်းသည် ပါကစ္စတန်နိုင်ငံလျှပ်စစ်ဓာတ်အားကို ၁,၅၃၀ မဂ္ဂါဝပ် ထပ်တိုးရန် ရည်မှန်းထားသည်။ ပါကစ္စတန်နိုင်ငံ ခိုင်ဘာပက်ခ်တွန်ခဝါဒေသတွင် မတ်လ ၂၆ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုတခုအတွင်း တရုတ်အင်ဂျင်နီယာ ငါးဦး သေဆုံးခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကို တရုတ်သံရုံးက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ထိုဖြစ်ရပ်ကို သေချာစွာ စုံစမ်းစစ်ဆေးရန် ပါကစ္စတန်အစိုးရကို တိုက်တွန်းခဲ့သည်။ ပါကစ္စတန်ရှိ တရုတ်နိုင်ငံသားများအနေဖြင့် လုံခြုံရေး အခြေအနေကို အထူးဂရုပြုရန် သံရုံးက မတ်လ ၂၆ ရက်နေ့က သတိပေးခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း တရုတ်နိုင်ငံသား ငါးဦးနှင့် ပါကစ္စတန်နိုင်ငံသားတဦး သေဆုံးခဲ့သည်။

ထိုနေ့က အသေခံဗုံးခွဲသမားတဦးသည် အစ္စလမ်မာဘတ်မြို့မှ ခိုင်ဘာပက်ခ်တွန်ခဝါသို့ ဦးတည်လာသော တရုတ်အင်ဂျင်နီယာများ လိုက်ပါလာသည့်ယာဉ်တန်းကို ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာသောယာဉ်ဖြင့် အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုဖြစ်ရပ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကမျှ ဝန်ခံပြောဆိုခြင်းမရှိသေးပေ။

အဆိုပါတိုက်ခိုက်မှုသည် ယခုသီတင်းပတ်အတွင်း ပါကစ္စတန်ရှိ တရုတ်လူမျိုးများအပေါ် တတိယမြောက် တိုက်ခိုက်မှုကြီးတခုဖြစ်သည်။ ပထမဆုံး တိုက်ခိုက်မှု နှစ်ခုသည် အနောက်တောင်ပိုင်း ဘလိုချီစတန်ပြည်နယ်ရှိ လေတပ်အခြေစိုက်စခန်းနှင့် မဟာဗျူဟာကျသော ဆိပ်ကမ်းတို့ကို ပစ်မှတ်ထားခဲ့သည်။

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံနှင့် ပတ်သက်သော ပါကစ္စတန်ရှိ စီမံကိန်းများတွင် ထောင်ပေါင်းများစွာသော တရုတ်အင်ဂျင်နီယာများ အလုပ်လုပ်နေကြချိန်တွင် တိုက်ခိုက်မှုဖြစ်ပေါ်လာခြင်းဖြစ်သည်။

တရုတ်သည် ပါကစ္စတန်၏ အနီးကပ်ဆုံး မဟာမိတ်များတွင်အပါအဝင်ဖြစ်သော်လည်း ပါကစ္စတန်တွင် တရုတ် အလုပ်သမားများ၏ လုံခြုံရေးသည် စိုးရိမ်စရာ ဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။

တိုက်ခိုက်မှုဖြစ်ပွားခဲ့သော ခိုင်ဘာပက်ခွန်တဝါပြည်နယ် ဒါစုဧရိယာသည် ယခင်ကလည်း ပစ်မှတ်ထားခံခဲ့ရသည်။ ၂၀၂၁ ခုနှစ်ကလည်း ဘတ်စ်ကားတစီး ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသား ကိုးဦး အပါအဝင် လူ ၁၃ ဦး သေဆုံးခဲ့သည်။

ဘလိုချီစတန်ပြည်နယ် တာဘက်မြို့ရှိ ပါကစ္စတန်၏ဒုတိယအကြီးဆုံး ရေတပ်ဆိုင်ရာ လေတပ်အခြေစိုက်စခန်း PNS Siddiqui တိုက်ခိုက်ခံရပြီးနောက် ၂၄ နာရီအတွင်း မတ်လ ၂၆ ရက်က တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဘလိုချီစတန်လွတ်မြောက်ရေးတပ်က ထိုတိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဝန်ခံခဲ့သည်။ ရေတပ်အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့သော စစ်သွေးကြွ လေးဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့က ပြောသည်။