မြန်မာနယ်စပ်တွင် ခြံစည်းရိုးကာရန် အိန္ဒိယက ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံ သုံးစွဲမည်

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ထဲက Zokhawthar မြို့ ကနေ မြန်မာဘက်ခြမ်းကို မြင်တွေ့ရစဉ် (မတ် ၁၅၊ ၂၀၂၁)

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ထဲက Zokhawthar မြို့ ကနေ မြန်မာဘက်ခြမ်းကို မြင်တွေ့ရစဉ် (မတ် ၁၅၊ ၂၀၂၁)

ရိုက်တာ

မှောင်ခိုမှုများနှင့် အခြားသော တရားမဝင် လှုပ်ရှားသွားလာမှုများကို တားဆီးရန် အိန္ဒိယသည် မြန်မာနိုင်ငံနှင့် ၁,၆၁၀ ကီလိုမီတာ (မိုင် ၁,၀၀၀) ခန့်ရှိ စိမ့်ဝင်နိုင်သော နယ်စပ်တလျောက်ကို ၁၀ နှစ်အတွင်း ခြံစည်းရိုးကာရံရန်အတွက် ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံနီးပါး သုံးစွဲသွားရန် စီစဉ်ထားကြောင်း ယင်းကိစ္စကို တိုက်ရိုက်သိရှိသည့် သတင်းရင်းမြစ်တဦးက ပြောသည်။

နိုင်ငံ အရှေ့မြောက်ဒေသ၏ ဒီမိုဂရပ်ဖစ် ဖွဲ့စည်းတည်ဆောက်ပုံကို ထိန်းသိမ်းရန်နှင့် အမျိုးသားလုံခြုံရေး အကြောင်းရင်းများအတွက် မြန်မာနိုင်ငံနှင့်နယ်စပ်၌ နယ်စပ်နေပြည်သူများကို ခွင့်ပြုပေးထားသည့် ဆယ်စုနှစ်များကြာ ဗီဇာမလို လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်ကို ပြန်ရုပ်သိမ်းမည် ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံနယ်စပ်တလျောက် ခြံစည်းရိုးခတ်မည် ဖြစ်ကြောင်း အိန္ဒိယအစိုးရက ယခုနှစ်အစောပိုင်းက ပြောသည်။

ယခုလအစောပိုင်းတွင် အိန္ဒိယအစိုးရကော်မတီတခုက နယ်စပ်ခြံစည်းရိုးအတွက် ကုန်ကျစရိတ်ကို အတည်ပြုပေးခဲ့ပြီး ယင်းကို ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ အစိုးရအဖွဲ့သာ အတည်ပြုရန် လိုတော့ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်က ပြောသည်။

အိန္ဒိယဝန်ကြီးချုပ်ရုံးနှင့် ပြည်ထဲရေး၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေး၊ ပြန်ကြားရေးနှင့် ရုပ်သံထုတ်လွှင့်မှု ဝန်ကြီးဌာနတို့က ရိုက်တာ၏ မှတ်ချက်တောင်းခံသည့် အီးမေးလ်ကို လက်တလော အကြောင်းပြန်ခြင်း မရှိသေးပေ။

အိန္ဒိယ၏ နယ်စပ် ခြံစည်းရိုးခတ်မည့် အစီအစဉ်များနှင့်ပတ်သက်၍ လက်ရှိအချိန်အထိ မြန်မာဘက်က မှတ်ချက်ပြုခြင်း မရှိပေ။

မြန်မာတွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ထောင်နှင့်ချီသော အရပ်သားများနှင့် ရာချီသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြန်မာဘက်မှ အိန္ဒိယ၏ ပြည်နယ်များသို့ ထွက်ပြေးခဲ့ကြသည်။ အိန္ဒိယပြည်နယ်များတွင် နှစ်ဖက်စလုံးမှ ပြည်သူများသည် မျိုးနွယ်စုဆိုင်ရာနှင့် မိသားစုဆိုင်ရာ ဆက်နွယ်မှုများ ရှိသည်။ ယင်းက အိန္ဒိယအစိုးရကို စိုးရိမ်ပူပန်စေပြီး အကြောင်းမှာ လူမျိုးစု တင်းမာမှုများ အိန္ဒိယဆီ ကူးစက်မည့် အန္တရာယ်ကြောင့် ဖြစ်သည်။

မြန်မာနှင့် ထိစပ်နေသည့် အိန္ဒိယ၏ မငြိမ်သက်သော အရှေ့မြောက်မဏိပူရ်ပြည်နယ်ရှိ တင်းမာသော အခြေအနေအပေါ် စိမ့်ဝင်နိုင်သော နယ်စပ်က အားပေးကူညီသလို ဖြစ်နေကြောင်း အိန္ဒိယအစိုးရ အဖွဲ့ဝင်တချို့က ပြစ်တင်ဝေဖန်ထားသည်။ မဏိပူရ်ပြည်နယ်သည် လူမျိုးအုပ်စုနှစ်စုအကြား ပြည်တွင်းစစ်ကဲ့သို့ အခြေအနေတခုကြောင့် တနှစ်နီးပါးကြာ လွှမ်းမိုးခံခဲ့ရပြီး လူမျိုးစုနှစ်စုအနက် တစုသည် မြန်မာ၏ ချင်းလူမျိုးစုနှင့် ဆက်နွယ်မှု ရှိသည်။

နယ်စပ် စည်းရိုးတလျောက် အပြိုင်လမ်းများ တည်ဆောက်ရန်နှင့် နယ်စပ်ကို စစ်အခြေစိုက်စခန်းများနှင့် ချိတ်ဆက်သည့် လမ်းသွယ်များ ဖောက်ရန် အိန္ဒိယအကြီးတန်းအရာရှိများ ကော်မတီက သဘောတူထားသည်။

နယ်စပ်ခြံစည်းရိုးနှင့် ကပ်လျက်လမ်းက တကီလိုမီတာလျင် ရူပီး ၁၂၅ သန်း နီးပါး ကုန်ကျမည် ဖြစ်ပြီး ကျူးကျော်ဝင်ရောက်မှုနှင့် ပျက်စီးယိုယွင်းမှုကို ကာကွယ်တားဆီးမည့် နည်းပညာအသုံးပြုမှုနှင့် ကြမ်းတမ်းသည့် တောင်ကုန်းမြေပြင်အနေအထားတို့ကြောင့် ၂၀၂၀ ပြည့်နှစ်က တည်ဆောက်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ခြံစည်းရိုးအတွက် ကုန်ကျသည့် တကီလိုမီတာလျင် ရူပီး ၅၅ သန်း ပမာဏထက် နှစ်ဆကျော် ပိုများမည် ဖြစ်ကြောင်း သိရသည်။