စလင်းမြို့တွင် စစ်ကောင်စီထံစစ်မှုထမ်းရန် လူစုနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၃ဦးပစ်ခတ်ခံရပြီးသေဆုံး

ပုံအညွှန်း ။ ။ စလင်းမြို့နယ်တွင် စစ်မှုထမ်းဥပဒေ ကူညီအသက်သွင်းပေးနေသည့် အုပ်ချုပ်ရေးမှူးများထံမှ သိမ်းဆည်းရရှိသောပစ္စည်းများ။ (ဓာတ်ပုံ။ ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (စလင်း))

ပုံအညွှန်း ။ ။ စလင်းမြို့နယ်တွင် စစ်မှုထမ်းဥပဒေ ကူညီအသက်သွင်းပေးနေသည့် အုပ်ချုပ်ရေးမှူးများထံမှ သိမ်းဆည်းရရှိသောပစ္စည်းများ။ (ဓာတ်ပုံ။ ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (စလင်း))

ကိုခင်မောင်

(မဇ္စျိမ)။ ။မကွေးတိုင်း၊ မင်းဘူးခရိုင်၊စလင်းမြို့နယ်တွင် စစ်မှုထမ်းဥပဒေကို အကောင်အထည် ဖော်ပေးနေပြီး စစ်ကောင်စီအတွက်လူစုပေးနေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးသုံးဦးအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ(စလင်း)က သတင်းထုတ်ပြန်သည်။

မတ်လ ၁၈ရက်မှ မတ်လ ၂၆ရက်အထိ ကိုးရက်အတွင်း အုပ်ချုပ်ရေးမှူးသုံးဦးအား ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဟု ပကဖ(စလင်း)က အသိပေးထားသည်။

စလင်းမြို့နယ်၊ကျွဲခြံရွာအုပ်ချုပ်ရေးမှူးဦးမြင့်အောင်(အသက် ၅၀နှစ်)သည် မတ်လ ၂၆ရက် ည၉ နာရီ ၄၀ မိနစ်အချိန်တွင် ၎င်း၏နေအိမ်၌ သေနတ်ဖြင့်ပစ်ခတ်ခံရပြီးသေဆုံးသွားခဲ့သည်။ဦးမြင့်အောင်သည် စစ်ကောင်စီအလိုကျ လူငယ်များအား စစ်မှုထမ်းရန်လိုက်လံစည်းရုံးပြီး လူစုနေသည်ကို ပြည်သူများမှတိုင်ကြားထားပြီး စောင့်ကြည့်သတိပေးခဲ့သော်လည်း မလိုက်နာသောကြောင့် ပစ်ခတ်ခဲ့ခြင်းဟု ပကဖ(စလင်း)သတင်းထုတ်ပြန်ရေးတာဝန်ရှိက ဆိုသည်။

မတ်လ ၁၈ရက်နှင့် ၂၅ရက်ကလည်း စစ်ကောင်စီအတွက် စစ်မှုထမ်းရန် စာရင်းလိုက်ကောက်ပေးနေသော စလင်းမြို့နယ်၊ပခက်တိုင်ကျေးရွာအုပ်ချုပ်ရေးမှူးဦးမြင့်ထူးနှင့် သရက်တောတိုက်နယ်၊ ပန်းပြင်‌ ကျေးရွာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့ကြောင်း ပကဖ(စလင်း)ထံမှ သိရသည်။

” အုပ်ကြီးဆွေမျိုးတွေဆို ချန်လှပ်ပြီး ကျန်တဲ့ပြည်သူတွေ၊မိသားစုဝင်တွေကို အာဏာလက်တလုံးခြား ထည့်သွင်းနေတာတွေလည်း တိုင်စာတွေတောက် လျှောက်လက်ခံရရှိနေပါတယ်။
ဒီလိုမျိုး ကိုယ်ကိုယ်တိုင် စစ်ကောင်စီကိုအားပေးအားမြှောက်ပြုနေလျက်နဲ့ ကိုယ့်မိသားစု၊ကိုယ့်ဆွေမျိုးထိမှာတော့ ကြောက်လန့်နေကြတဲ့သူတွေကိုလည်း သတင်းအတိအကျရပြီးသားမို့ အနှေးနဲ့အမြန် ရှင်းလင်းမှုလုပ်သွားမှာပါ” ဟုပကဖ(စလင်း) သတင်းထုတ်ပြန်ရေးတာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

စစ်ကောင်စီတပ်သည် လက်ရှိစလင်းမြို့ပေါ်နှင့်ကျေးရွာများမှ စစ်မှုထမ်းရန် မဲပေါက်သောလူငယ်များအား အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ခေါ်ယူတွေ့ဆုံရန် စီစဉ်နေပြီး လူဦးရေစာရင်းအတိအကျယူကာဆင့်ခေါ်ခဲ့ခြင်းဖြစ်ကြောင်းဒေသခံများထံမှ သိရသည်။

” အုပ်ချုပ်ရေးမှူးတချို့ကတော့ ပါးနပ်ပါတယ်။ ဒါပေမဲ့ တချို့ကတော့ ပျူတွေလုံခြုံရေးယူပြီးတော့ စစ်ကောင်စီအတွက် အလုပ်လုပ်နေကြတယ်။ လူငယ်တွေလည်း ကိုယ့်အိမ်ကိုယ်မနေရဲအောင် ဖြစ်နေကြတယ်” ဟု စလင်းမြို့ခံတဦးကပြောသည်။

စလင်းမြို့နယ်တွင် စစ်ကောင်စီ၏ မလျော်ကန်သည့် ယန္တရားတွင် ပါဝင်ပတ်သက်နေသူများ၏ စာရင်းများပြုစုထားပြီး စစ်ကောင်စီအားထပ်မံကူညီနေပါက အသက်အန္တရာယ်ရှိနိုင်ကြောင်း ပကဖ(စလင်း)ကသတိပေးချက်ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ရက်တွင် ထုတ်ပြန်ပြီးနောက် နေပြည်တော်၊ ရန်ကုန်အပါအဝင် ပြည်နယ်နှင့်တိုင်းများ၌ စစ်မှုထမ်းဆောင်ရမည့် လူငယ်များကိုရပ်ကွက်နှင့်ကျေးရွာများ၌ ထွေအုပ်ရပ်ကျေးစာရေး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၊ဆယ်အိမ်မှူး ၊ရာအိမ်မှူး၊ဌာနဆိုင်ရာတာဝန်ရှိသူများဖြင့်ဖွဲ့စည်းထားသည့် စစ်မှုထမ်းရွေးချယ်ရေးအဖွဲ့က မှတ်ပုံတင်စာရင်းသွင်းရန် ဆင့်ခေါ်ခြင်း၊ နေရာအချို့တွင် မဲနှိုက်ရွေးချယ်ခြင်းများ ပြုလုပ်‌‌နေသည်။စစ်မှုထမ်းဦးရေခေါ်ယူမှုနှင့်ပတ်သက်ပြီး သင်တန်းအပတ်စဉ်တခုလျှင် အင်အား ၅,၀၀၀ နှုန်းဖြင့် တနှစ်လျှင် အင်အား ၆၀,၀၀၀ နှုန်း ခေါ်ယူရန် လျာထားကြောင်း စစ်ကောင်စီဘက်က ပြောဆိုထားသည်။

မတ်လ ၂၂ ရက်နေ့အထိ စုစည်းထားသော အချက်အလက်များအရ စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ရန် မြို့နယ်ပေါင်း ၁၇၂ မြို့နယ်၌ စာရင်းကောက်ယူခြင်း၊ မဲနှိုက်ရွေးချယ်ခြင်း၊ စစ်မှုထမ်းအသက်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းရန်ဆင့်ခေါ်ခြင်းများလုပ်ဆောင်နေကြောင်း အချက်အလက်များမှတ်တမ်းပြုစုထုတ်ပြန်ပေးနေသည့်Data for Myanmar က ထုတ်ပြန်ထားသည်။

စာတည်း – အေးချမ်း