ကနီမြို့နယ် နတ်ကြီးရွာကို စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ပုံအညွှန်း- စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နတ်ကြီးရွာမှနေအိမ်အချို့

ပုံအညွှန်း- စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နတ်ကြီးရွာမှနေအိမ်အချို့

လွှမ်းမိုး

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊နတ်ကြီးကျေးရွာကို စစ်ကောင်စီတပ်က မတ်လ ၂၉ ရက် နံနက် ၁ နာရီခန့်တွင် တိုက်လေယာဉ်ဖြင့် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်သည် တိုက်လေယာဉ် သုံးစင်းဖြင့် ဗုံးသုံးကြိမ်ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နတ်ကြီးကျေးရွာထဲသို့ နှစ်ကြိမ်၊ ချင်းတွင်းမြစ် သောင်ပြင်ပေါ်သို့ တကြိမ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း မဇ္စျိမ၏ မြေပြင်သတင်းထောက်ကသတင်းပေးပို့သည်။
တိုက်ခိုက်မှုအတွင်း အရပ်သားထိခိုက်မှုမရှိသော်လည်း နေအိမ်အချို့ ပျက်စီးခဲ့သည်။

“စစ်တပ်က လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်တဲ့အချိန်ကစပြီး ဒေသခံတွေဟာ ညပိုင်းအချ်ိန်တွေမှာ ရွာထဲမှာ မနေရဲကြဘူး။ ဒါကြောင့် ဗုံးကရွာထဲကျရောက်ပေါက်ကွဲခဲ့ပေမဲ့ ဒေသခံထိခိုက်သေဆုံးမှု မရှိတာဖြစ်တယ်။ နေအိမ်အချို့ ပျက်စီးတာတော့ ရှိတယ်” ဟု ဒေသခံတဦးက ပြောသည်။

ညအချိန် ရုတ်တရက်လေကြောင်းတိုက်ခိုက်မှုကြောင့် နတ်ကြီးရွာဘေးပတ်ဝန်းကျင်မှ ကျေးရွာအချို့နေပြည်သူများ ညတွင်းချင်း ဘေးလွတ်ရာထွက်ပြေးတိမ်း‌ရှောင်ခဲ့ကြရသည်။

ပြီးခဲ့သည့်မတ်လ ၂ ရက်နေ့မှ စတင်ကာ ကနီမြို့နယ်မှ စစ်ကောင်စီစခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး ယင်းအချိန်ကတည်းက စစ်ရေးတင်းမာနေခြင်းဖြစ်သည်။ မတ်လ ၁၁ရက် မှစ၍ မြေပြင်တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီက တိုက်လေယာဉ်များကို အသုံးပြု၍ မကြာခဏတိုက်ခိုက်နေသည်။

“ စစ်တပ်က ဘာကြောင့်လေကြောင်းသုံးတိုက်ခိုက်တယ်ဆိုတာတော့ တိတိပပမသိရသေးဘူး”ဟု ကနီမြို့နယ်ပကဖတာဝန်ခံက ပြောသည်။

မတ်လ ၁၉ ရက်နေ့ နံနက် ၁ နာရီ ၅၀ မိနစ် အချိန်တွင်လည်း နတ်ကြီးကျေးရွာ၊ကတိုးဆိပ်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။နတ်ကြီးကျေးရွာသည် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကိုလည်း မကြာခဏရင်ဆိုင်နေရသည်။

ကနီမြို့နယ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုများကြောင့် နတ်ကြီး ၊ ညောင်ပင်ဝန်း ၊ မင်းကုန်း ၊ ရှမ်းမြောင်း ၊ တဇယ်ချောင် ၊ ပန်းဆိုင်းစသည့်ကျေးရွာများမှ ဒေသခံ ၈,၀၀၀ ကျော်ခန့်သည် စစ်ဘေးတိမ်းရှောင်နေရသည်မှာ တလခန့်ကြာပြီဖြစ်သည်။

စာတည်း – အေးချမ်း