စစ်ကောင်စီတပ်သားသစ်စုဆောင်းသူများ၏ လုံခြုံရေး အာမမခံဟု ချင်းအမျိုးသားကောင်စီ(မင်းတပ်)ထုတ်ပြန်

မင်းတပ်မြို့ပေါ် မြင်ကွင်း/ဓာတ်ပုံ – HKL Mindat

ကိုခင်မောင်

(မဇ္စျိမ) ။ ။ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီထံစစ်မှုထမ်းရန် တပ်သားသစ်စုဆောင်းရာတွင် ပါဝင်သူများ၏ လုံခြုံရေးအာမခံမည်မဟုတ်ကြောင်း ချင်းအမျိုးသားကောင်စီ(မင်းတပ်)-Chin National Council(Mindat)က ထုတ်ပြန်သတိ‌ပေးသည်။

မင်းတပ်မြို့ပေါ် ရပ်ကွက်များတွင် စစ်ကောင်စီတပ် ဖွဲ့ဝင်များ၊ ရဲများနှင့် ဌာနဆိုင်ရာအဖွဲ့ဝင်များမှ တအိမ်ဝင်တအိမ်ထွက် အိမ်ထောင်စုစာရင်းကောက်ခံလျက်ရှိကြောင်း၊ စစ်မှုထမ်းဥပဒေအား အသက်သွင်းရန်ကြိုးစားနေခြင်းကို လက်မခံကြောင်းနှင့် တပ်သားသစ်စုဆောင်းရာတွင် ပါဝင်ပတ်သက်သူတဦးချင်းစီ၏လုံခြုံရေးကိုလည်း အာမခံမည်မဟုတ်ကြောင်း ချင်းအမျိုးသားကောင်စီ(မင်းတပ်)က ယမန်နေ့ မတ်လ ၂၈ရက် ထုတ်ပြန်ချက်တွင် သတိပေးထားသည်။

“ အိမ်တအိမ်မှာရှိတဲ့ လူဦးရေစာရင်းကိုလာကောက်တယ်။ပြီးတော့ အသက်အရွယ်တွေလည်း မေးမြန်းတာရှိတယ်။ ဌာနဆိုင်ရာအဖွဲ့တွေပြောတာတော့ အထက်ကိုတင်ပြဖို့လောက်ပါပဲလို့ ပြောတယ်” ဟု CDF-မင်းတပ်ရဲဘော်တဦးက မဇ္စျိမအားပြောသည်။

စစ်ကောင်စီသည် မတ်လ ၂၃ရက်နေ့တွင်မင်းတပ်မြို့၊ စံပြရပ်ကွက်အတွင်း အိမ်ထောင်စုစာရင်းများအားလိုက်လံကောက်ခံခြင်း၊ စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်သွားကြောင်း ဒေသခံများကပြောသည်။ ယင်းကဲ့သို့ စာရင်းလိုက်ကောက်သည့်အဖွဲ့ကို မင်းတပ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-CDF Mindatက ဖုန်းဆက်၍ တားဆီးခဲ့ကြောင်း သိရသည်။

“ကောက်နေတဲ့အဖွဲ့ကို CDF ကဖုန်းဆက်တားမြစ်ထားတော့ ခဏနားနေကြတယ်။အဲ့တရက်ပဲကောက်တာ” ဟု ဒေသခံတဦးက မဇ္စျိမအားပြောသည်။

စစ်ကောင်စီသည် ချင်းပြည်နယ်တွင် ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ စသည့်မြို့များ၌ စစ်မှုထမ်းရန်လူဦးရေစာရင်းကောက်ခံမှုများရှိနေသည်။ တီးတိန်မြို့တွင် စစ်ကောင်စီထံ စစ်မှုထမ်းရန် လူဦးရေစာရင်းကောက်ခံပေးနေသောမြို့နယ်စည်ပင်ဌာနမှလက်ထောက်အင်ဂျင်နီယာအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းငါးဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း PDF-Zoland မှ မတ်လ ၂၅ရက်နေ့တွင် ထုတ်ပြန်ခဲဲ့သည်။

စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ရက်တွင် ထုတ်ပြန်ပြီးနောက် နေပြည်တော်၊ ရန်ကုန်အပါအဝင် ပြည်နယ်နှင့်တိုင်းများမှ လူငယ်များကို စစ်မှုထမ်းရွေးချယ်ရေးအဖွဲ့က မှတ်ပုံတင်စာရင်းသွင်းရန်ဆင့်ခေါ်ခြင်း၊ အိမ်ထောင်စုစာရင်းလိုက်လံကောက်ခံခြင်း၊ နေရာအချို့တွင် မဲနှိုက်ရွေးချယ်ခြင်းများ ပြုလုပ်‌‌နေသည်။

စစ်ကောင်စီက ထုတ်ပြန်ထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် တရားမဝင်ကြောင်း၊ ပြည်သူချင်းသွေးချောင်းစီးအောင် စစ်ကောင်စီကပြုလုပ်ခြင်းဖြစ်ပြီး စစ်သားသစ်စုဆောင်းရာတွင် ပူးပေါင်းပါဝင်သူများကို အရေးယူမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။

မတ်လ ၂၂ ရက်နေ့အထိ စုစည်းထားသော အချက်အလက်များအရ စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ရန် မြို့နယ်ပေါင်း ၁၇၂ မြို့နယ်၌ စာရင်းကောက်ယူခြင်း၊ မဲနှိုက်ရွေးချယ်ခြင်း၊ စစ်မှုထမ်းအသက်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းရန်ဆင့်ခေါ်ခြင်းများလုပ်ဆောင်နေကြောင်း အချက်အလက်များမှတ်တမ်းပြုစုထုတ်ပြန်ပေးနေသည့်Data for Myanmar က ထုတ်ပြန်ထားသည်။

စာတည်း – အေးချမ်း