နိုင်ကျဥ်းများအား ကူညီသည်ဟုဆိုကာ ထောင်ဝန်ထမ်းကို ထောင်ဒဏ် ၂ နှစ်ချ

မင်းထက်

(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ မြောင်းမြအကျဥ်းထောင်မှ ထောင်ဝန်ထမ်းတဦးကို နိုင်ငံရေးအကျဥ်းသားများနှင့် အခြားပြစ်မှုဖြင့်ထောင်ကျနေသည့် ထောင်တွင်းအကျဥ်းသားများအား ကူညီ၍ဟုဆိုကာ ထောင်ဒဏ်နှစ်နှစ်ချမှတ်ခဲ့သည်ဟု အကျဥ်းဦးစီးနှင့် နီးစပ်သူများထံက သိရသည်။

ထောင်ဒဏ်ချမှတ်ခံရသူမှာ အသက် ၂၁ အရွယ် တပ်သား ဥက္ကာဖြိုးဆိုသူဖြစ်ပြီး ရာဇသတ်ကြီးပုဒ်မ ၁၆၁ (ပြည်သူ့ဝန်ထမ်းက၊ ရာထူးဆိုင်ရာပြုလုပ်မှုတစ်ခုအတွက်၊ ဥပဒေနှင့်ညီသော အခကြေးငွေမှတပါး၊ အခြား တံစိုး ကိုယူခြင်း) ဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

“စွဲချက်တင်တာကတော့ နိုင်ကျဥ်းမဟုတ်တဲ့ အခြားအကျဥ်းသားကူညီပြီး ဖုန်းဘေသုံးထောင်ယူတယ်ဆိုတဲ့ကိစ္စနဲ့ စွဲချက်တင်တာ။ ပြီးတော့မှ နိုင်ကျဥ်းတွေကိုကူညီတယ်ဆိုတဲ့ကိစ္စတွေပါရောပါလာတာ”ဟု အကျဥ်းဦးစီးနှင့် နီးစပ်သူက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က တပ်သား ဥက္ကာဖြိုး ၏လက်ကိုင်ဖုန်းအား စစ်ဆေးရန်ရှိသည်ဟုဆိုကာ ထောင်အာဏာပိုင်အချို့က သိမ်းယူခဲ့ပြီးနောက် မြောင်းမြအကျဥ်းထောင်အတွင်း ချုပ်နှောင်ထားခဲ့သည်။

ထို့နောက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်သား ဥက္ကာဖြိုးအား စတင်ရုံးထုတ်စစ်ဆေးခဲ့ကြောင်း၊ ရုံးထုတ်စစ်ဆေးမှု သုံးကြိမ်ပြုလုပ်ပြီး မတ်လ ၈ ရက်နေ့တွင် မြောင်းမြမြို့နယ်တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း အကျဥ်းဦးစီးနှင့်နီးစပ်သူကပြောသည်။

ယင်းပြင် မြောင်းမြအကျဥ်းထောင်၌ တပ်ကြပ်ကြီးရာထူးဖြင့်တာဝန်ထမ်းဆောင်နေသည့် ထောင်ဒဏ်ချမှတ်ခံရသူ တပ်သား ဥက္ကာဖြိုး၏ဖခင်ဖြစ်သူအား ထောင်အာဏာပိုင်များက ဒုတပ်ကြပ်ရာထူးသို့ ယခုလပိုင်းအတွင်း ရာထူး လျှော့ချလိုက်ကြောင်း အကျဥ်းဦးစီးနှင့်နီးစပ်သူများ၏ ပြောပြချက်အရသိရသည်။

ယခုကဲ့သို့ တပ်သား ဥက္ကာဖြိုးအား ထောင်ဒဏ်ချမှတ်ခဲ့သည်မှာ ၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ကမြောင်းမြအကျဥ်းထောင်အတွင်းဖြစ်ပွားခဲ့သည့်လူသတ်မှုအား ဖုံးကွယ်ချင်သည့်အတွက် ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း မဇ္စျိမကိုပြောသည်။

“ကျန်းမာရေးမကောင်းလို့ အပြင်ဘုတ်ကိုမထွက်နိုင်ဘူးလို့ခွင့်တောင်းတဲ့ ခင်မောင်ဌေးဆိုတဲ့အကျဥ်းသားကို ထောင်မှူးကျော်ဇေယျနဲ့ ထောင် ဝန်ထမ်းတွေကရိုက်ပြီးသတ်ခဲ့ဖူးတယ်။ အဲ့လိုရိုက်သတ်တာကို အကျဥ်းသားတွေလည်းသိသလို ဥက္ကာဖြိုးလည်းသိတယ်။ ဒါပေမဲ့ ရိုက်သတ်တဲ့အထဲမှာ ဥက္ကာဖြိုးမပါတော့ ဖော်မှာစိုးလို့ တမင်လုပ်တာလည်းဖြစ်နိုင်တယ်”ဟု ၎င်းကသုံးသပ်ပြောဆိုသည်။

လက်ရှိတွင် တပ်သားဥက္ကာဖြိုးအား ထောင်အာဏာပိုင်များက ပုသိမ်အကျဥ်းထောင်သို့ ပို့ဆောင်လိုက်ပြီဟုသိရပြီး ပုသိမ်အကျဥ်းထောင်အတွင်း ၎င်းအား ခြေကျင်းနှင့် ဒေါက်များထည့်ကာ အကျဥ်းချထားသည်ဟု ပုသိမ်အကျဥ်းထောင်နှင့်နီးစပ်သူများ၏ပြောပြချက်အရသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး