ဗုဒ္ဓဘုရားနှင့် ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့၏ ဓာတ်တော်များ ထိုင်းနိုင်ငံသို့ ပင့်ဆောင် အပူဇော်ခံ

Daily Mirror Online

ဗုဒ္ဓမြတ်စွာဘုရား၊ အဂ္ဂသာဝက ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလန် မထေရ်မြတ်တို့၏ အထွတ်အမြတ် ဓာတ်တော်မွေတော်များကို ထိုင်းနိုင်ငံတဝန်း နေရာအသီးသီးတွင် ၂၆ ရက်ကြာ လှည့်လည်အပူဇော်ခံခဲ့ရာ လာရောက်ဖူးမြော်ကြည်ညိုသူ သန်းချီ ရှိခဲ့ပြီး ယင်းနောက် ဓာတ်တော်မွေတော်များသည် မတ်လ ၁၉ ရက်တွင် အိန္ဒိယကို ပြန်လည်ပင့်ဆောင်ရောက်ရှိခဲ့သည်။

ကပိလဝတ် ဓာတ်တော်မွေတော်များအဖြစ် သိကြသည့် ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ဓာတ်တော်မွေတော်များကို အိန္ဒိယ အမျိုးသားပြတိုက်တွင် စံမြန်းထားရှိခြင်းဖြစ်သည်။ အဆိုပါ ဓာတ်တော်များသည် မြတ်ဗုဒ္ဓဘုရားရှင်နှင့် အဂ္ဂသာဝက မထေရ်မြတ်ကြီး နှစ်ပါးဖြစ်သည့် ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလာန်တို့၏ ကြွင်းကျန်ရစ်သော ဓာတ်တော်မွေတော်များဖြစ်သည်ဟု ယုံကြည်ရသည်။

အဆိုပါ ဓာတ်တော်မွေတော်များသည် ဘီစီ ၄-၅ ရာစုခန့်ကတည်းက ဖြစ်သည်။ ဓာတ်တော်မွေတော်များကို ရှေးဟောင်းမြို့ ကပိလဝတ်ပြည် ဖြစ်မည်ဟု ယူဆရသည့် ဆိုဒ်နေရာတခုဖြစ်သည့် ဥတာ ပရာဒေ့ရှ်ပြည်နယ် Siddharthnagar မြို့အနီး Piprahwa ရွာတွင် ၁၉၇၀ ပြည့်နှစ်များက အိန္ဒိယ ရှေးဟောင်းသုတေသန ဆန်းစစ်လေ့လာသူတို့က တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အထွတ်အမြတ် ဓာတ်တော်မွေတော်များကို အပူဇော်ခံပြသမှုများအတွက် ပြည်ပသို့ ပင့်ဆောင်မှုများ ရှိခဲ့ပြီး ဤမတိုင်မီက မွန်ဂိုလီးယားနှင့် သီရိလင်္ကာ နိုင်ငံများသို့ ပင့်ဆောင်အပူဇော်ခံခဲ့သည်။

သို့သော် ယခုတကြိမ်သည် ဗုဒ္ဓဘုရားနှင့် အဂ္ဂသာဝက မထေရ်မြတ်များ၏ ဓာတ်တော်များကို ပထမဆုံးအကြိမ်အဖြစ် အတူတကွ ပင့်ဆောင်အပူဇော်ခံပြသခြင်း ဖြစ်သည်။ ထို ဓာတ်တော်မွေတော်များကို အိန္ဒိယ လေတပ် အထူးလေယာဉ်တစင်းဖြင့် ဖေဖော်ဝါရီ ၂၂ ရက်တွင် ထိုင်းနိုင်ငံသို့ ပင်ဆောင်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ထို ဓာတ်တော်မွေတော်များသည် အထူးပင် ရှားပါး တန်ဖိုးကြီးသည်ဟု သဘောထားခြင်းခံရပြီး ရှေးဟောင်းပစ္စည်းများနှင့် အနုပညာ ရတနာများအတွက် “AA” အတန်းအစားအောက်တွင် သတ်မှတ်ခံရသည်။

ပုံမှန်အားဖြင့် ထိုဓာတ်တော်များကို ကမ္ဘာ့ မည်သည့်နေရာတွင်မဆို အပူဇော်ခံပြသရန်အတွက် ပင့်ဆောင်ခွင့်ပြုလိမ့်မည် မဟုတ်ပေ။ သို့သော် အိန္ဒိယ ယဉ်ကျေးမှု ဝန်ကြီးဌာနသည် ထိုင်းအစိုးရထံမှ အထူးပန်ကြားချက်တရပ်အတွက် ခြွင်းချက်အဖြစ် လက်ခံသတ်မှတ်ခဲ့ပြီး ထို ဓာတ်တော်မွေတော်များကို အချိန်ကာလအကန့်အသတ်ဖြင့် ထိုင်းနိုင်ငံသို့ ပင့်ဆောင်ပြသစေခဲ့ခြင်း ဖြစ်သည်။

ယခု ဓာတ်တော်မွေတော်များ အထူး လှည့်လည်အပူဇော်ခံခြင်းက ထိုင်းနိုင်ငံတွင် ဘုရင် မဟာဝဇီရာ လောင်ကွန်း၏ ၇၂ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် ကျရောက်သည့်နှစ်အချိန်ကာလတွင် ဖြစ်နေပြီး အိန္ဒိယနှင့် ထိုင်းနိုင်ငံအကြား ယဉ်ကျေးမှုဆိုင်ရာ ဆက်နွယ်မှုကို မီးမောင်းထိုး ပြသနေသည်။

ထိုင်းနိုင်ငံ၌ တလကြာ လှည့်လည်အပူဇော်ခံပြီးနောက် ဓာတ်တော်မွေတော်များသည် အိန္ဒိယသို့ ပြန်လည် ပင့်ဆောင်ရောက်ရှိခဲ့သည်။