နာမည်ကြီး တိဘက်ဘာသာစကား ဘလော့ဂ်ကို တရုတ်အစိုးရ ပိတ်

(ပုံစာ - တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ကန်ဒင်းရှိ နန်ဝူဘုရားကျောင်းအပြင်ဘက်တွင် တိဘက်ဘုန်းကြီးတပါး ၎င်း၏ မိုဘိုင်းဖုန်းအား ကြည့်နေစဉ်။)

(ပုံစာ – တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ကန်ဒင်းရှိ နန်ဝူဘုရားကျောင်းအပြင်ဘက်တွင် တိဘက်ဘုန်းကြီးတပါး ၎င်း၏ မိုဘိုင်းဖုန်းအား ကြည့်နေစဉ်။)

RFA

တရုတ်အစိုးရက နာမည်ကြီး တိဘက်ဘာသာစကား ဘလော့ဂ်တခုအား ပိတ်လိုက်၍ တိဘက်ဒေသခံများနှင့် တိဘက်အရေးကိစ္စများအတွက် ယင်း ဘလော့ဂ်ပေါ် မှီခိုနေရသည့် ပြည်ပရောက် တိဘက်အသိုင်းအဝန်းအတွက် စိတ်ဆိုးဒေါသထွက်စေသည်။

လက်ဆန်ပယ်ယွန် သို့မဟုတ် အင်္ဂလိပ်လို “Tibet Sheep” ၏ စီမံခန့်ခွဲသူက ဝက်ဘ်ဆိုက်နှင့် ယင်းနှင့် ဆက်စပ်ရာ WeChat ဘလော့ဂ်ကို မူပိုင်ခွင့် ချိုးဖောက်သည် စွပ်စွဲ၍ အာဏာပိုင်များက ပိတ်လိုက်ခြင်း ဖြစ်ကြောင်း ပြောပြီး ပြန်လည်ဖွင့်လှစ် ပေးရေးအတွက် အာဏာပိုင်ထံ တရားဝင် အသနားခံထားကြောင်း သိရသည်။

“လက်ဆန်ပယ်ယွန်ကို အစိုးရက လုံးလုံး ပိတ်ပစ်လိုက်တာ ဖြစ်တယ်”ဟု လုံခြုံရေးအကြောင်းပြချက်ကြောင့်နာမည်မဖော်လိုသူ ယင်း စီမံခန့်ခွဲသူက ဆိုသည်။

ကုန်လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း တရုတ်အာဏာပိုင်များသည် တိဘက်ဘာသာစကား အသုံးပြုခြင်းကို ကန့်သတ်ချုပ်ချယ်ရန် ကြိုးပမ်းလာပြီး ဆက်စပ်ရာ ဘလော့ဂ်များ၊ စာသင်ကျောင်းများ၊ ဝက်ဘ်ဆိုက်များ၊ လူမှုမီဒီယာပလက်ဖောင်းများနှင့် အက်ပလီကေးရှင်းများကို ဖြိုခွင်းလာခဲ့သည်။

ယခု ဘလော့ဂ်ကို စီမံခန့်ခွဲသူက အာဏာပိုင်များထံ အမိန့်အား ပြင်ဆင်ပေးရေး တရားဝင် မေတ္တာရပ်ခံထားလင့်ကစား အခြေအနေက ပြောင်းလဲလိမ့်မည်ဆိုခြင်းက အနည်းငယ်သာ မျှော်လင့်ချက် ရှိကြောင်း ယင်းအရေးအား သိရှိသူ အမည်မဖော်သည့် တိဘက်အတွင်းမှ လူတဦးက ပြောသည်။

အကယ်၍ ပြန်လည်ဖွင့်လှစ်ပေးမည်ဆိုပါက လက်ဆန်ပယ်ယွန်အနေဖြင့် စာရေးသူများ၏ အခွင့်အရေးကို ထိန်းသိမ်းသွားမည်ဖြစ်ပြီး မေတ္တာရပ်ခံချက် ငြင်းပယ်ခံရပါက “အစိုးရ၏ ဆုံးဖြတ်ချက်ကို အပြည့်အဝ လိုက်နာသွားမည်” ဖြစ်ကြောင်း ယင်း စီမံခန့်ခွဲသူက ထုတ်ပြန်ချက်၌ ဆိုသည်။

လက်ဆန်ပယ်ယွန် ပလက်ဖောင်းသည် ဘလော့ဂ်ပေါ်၌ ဖော်ပြသော အကြောင်းအရာများ စစ်မှန်မှုနှင့် မူပိုင်ခွင့်ကာကွယ်ရေး အရေးကြီးကြောင်းကိုလည်း အလေးအနက်ထားသည်။

၂၀၁၃ မတ်လတွင် ထူထောင်သော လက်ဆန်ပယ်ယွန်သည် တိဘက်ဘာသာစကားနှင့် ယဉ်ကျေးမှုနှင့် ဆက်စပ်သည့် အကြောင်းအရာများအပေါ် ဦးတည်ချက်ထားပြီး တိဘက်အတွင်းအပြင်မှ တိဘက်လူမျိုးများ ရေးသားမှုများအတွက် သတင်းရင်းမြစ်သဖွယ် စာဖတ်သူအသိုင်းအဝန်း၏ ယုံကြည်မှုကို တည်ဆောက်ထားနိုင်သည်။

ယင်း ဘလော့ဂ်တွင် ပညာရေး၊ တိဘက်ဆောင်းပါးနှင့် ဇာတ်လမ်းများ၊ တေးစာသားများ၊ တိဘက်-တရုတ်ဘာသာပြန်များနှင့် အသံသွင်းအကြောင်းအရာများ ၁၀,၀၀၀ ခန့်ကို ထုတ်ဝေဖော်ပြထားသည်။

“ဒီ ပလက်ဖောင်းကို ပိတ်တာဟာ တိဘက်ပညာသင်အသိုင်းအဝိုင်းအတွက် သိသာတဲ့ ဆုံးရှုံးမှုနဲ့ စိုးရိမ်ပူပန်စရာပဲ ဖြစ်တယ်၊ ဒီ ပလက်ဖောင်းကနေပြီး အကြောင်းအရာတွေကို ရရှိနေတဲ့ ရင်းမြစ်ဖြစ်တာကြောင့်ပဲ”ဟု အိန္ဒိယနိုင်ငံ ဗာရာဏသီရှိ Central University of Tibetan Studies မှ စာပေပါမောက္ခနှင့် စာရေးသူ ဘီရီဂျင်းက ပြောခဲ့သည်။