မင်းအောင်လှိုင်ခြေထောက်နာ၍ ပြင်ဦးလွင်သင်္ကြန်အခမ်းအနားများ မတက်ရောက်နိုင်၊ နေပြည်တော်သို့ အရေးပေါ်ပြန်သွားရ

001

မဇ္ဈိမ။ ။ ပြင်ဦးလွင်တွင်ကျင်းပခဲ့သည့် စစ်ကောင်စီတပ်သင်္ကြန်အခမ်းအနားများသို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ရန် စီစဉ်ခဲ့သော်လည်း “ခြေထောက်နာ”နေသဖြင့် တက်ရောက်နိုင်ခြင်းမရှိဘဲ နေပြည်တော်သို့ အရေးပေါ်ပြန်သွားခဲ့ရသည်ဟု စစ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် ထုတ်ပြန်သည်။

” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ခြေထောက်နာနေတာဖြစ်တဲ့အတွက် ပြင်ဦးလွင်တပ်နယ်မှာ ကျင်းပတဲ့ သင်္ကြန်အခမ်းအနားကိုတော့ တက်ရောက်ခဲ့ခြင်းမရှိဘဲ အဲဒီနေ့မှာပဲ နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြောင်း သိရှိရပါတယ်။” ဟူသော သတင်းစကားကို စစ်လော်ဘီချန်နယ်များတွင် ထပ်တူဖြန့်ဝေကြသည်။

ဧပြီ ၁၄ ရက်နေ့ည ၉ နာရီခွဲကျော်က ပြင်ဦးလွင်မြို့စစ်တက္ကသိုလ်အပါအဝင် စစ်ဘက်နေရာများသို့ ဦးတည်ပစ်လွှတ်သော ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့ပြီး အမြောက်ဖြင့်ပြန်လှန်ပစ်ခတ်မှုများရှိခဲ့သည်။

ပြင်ဦးလွင်ရှိ လုံခြုံရေးဆိုင်ရာ သတင်းရင်းမြစ်တခုကတော့ စစ်ခေါင်းဆောင်သည် သင်္ကြန်တွင်း ပြင်ဦးလွင်တွင် ခေတ္တနေထိုင်ရန် စီစဉ်ထားခဲ့သော်လည်း ပြင်ဦးလွင်ကိုတိုက်ခိုက်မှုများပြုလုပ်မည်ဆိုသော ထောက်လှမ်းရေးသတင်းကြောင့် ဧပြီလ ၁၃ ရက်နေ့ညတွင်ပင် နေပြည်တော်သို့ ပြန်သွားခဲ့ခြင်းဖြစ်သည်ဟု မဇ္ဈိမသို့ ပြောသည်။

အဆိုပါတိုက်ခိုက်မှုက စစ်ကောင်စီတပ်အတွင်း တုန်လှုတ်စရာဖြစ်ခဲ့ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်၊ ပြင်ဦးလွင်တပ်နယ်မှူး ဗိုလ်မှူးချုပ် စိုးမြတ်ထွဋ်တို့ကို စစ်ခုံရုံးဖြင့် စစ်ဆေးရန် ညွန်ကြားချက်ထွက်လာခဲ့သည်ဟု သူက ပြောသည်။

မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် (PDF) က ၁၀၇ မမ ရှော့တိုက်ဒုံး အလုံး ၂၀ ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၁၇ လုံးထိရောက်ပေါက်ကွဲခဲ့ကာ စစ်ကောင်စီခေါင်းဆောင် တည်းခိုကြောင်းယူဆရသည့် အိမ်တော်နေရာအပါအဝင် စစ်တက္ကသိုလ်၊ စစ်ကောင်စီရုံးများနှင့် စစ်တပ်နည်းပညာတက္ကသိုလ်စသည့်နေရာများတွင် ကျရောက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မီဒီယာ PVTV က ဧပြီ ၁၅ ရက်နေ့က ရေးသားဖော်ပြခဲ့သည်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြင်ဦးလွင်တိုက်ခိုက်မှုတွင် အသုံးပြုသွားသော ရှော့တိုက်ဒုံးများသည့် အဝေးကိုပစ်ခတ်နိုင်အောင် အဆင့်မြှင့်တင်ထားသော တိုင်းရင်းသားလက်နက်ကိုင် (EAO) အဖွဲ့များထံမှရရှိသည့် လက်နက်များဖြစ်ကြောင်းပြောသည်။

“ အနီးစပ်ဆုံး ပြောရရင်တော့ ပြင်ဦးလွင်တဝိုက်မှာ ယခင်တုန်းက ပြင်ဦးလွင်တဝိုက်ကို ဝင်ရောက်လာတဲ့ EAO အဖွဲ့အစည်း၊ ပြီးရင် မြောက်ပိုင်းမှာရှိနေတဲ့ EAO အဖွဲ့အစည်းတွေဆီကနေရတဲ့ လက်နက်တွေဖြစ်ကြောင်း သုံးသပ်ရပါတယ်။ ဒီရှော့တိုက်ဒုံးတွေဟာ အဆင့်မြှင့်တင်ထားပြီး အဝေးကို ပစ်ခတ်နိုင်အောင် ပြုလုပ်ထားတာမျိုးတွေ့ရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီမီဒီယာ မြန်မာ့အလင်းကို ပြောသည်။

ထို့ပြင် စစ်တက္ကသိုလ် တိုက်ခိုက်ခံရမှုတွင် ဗိုလ်လောင်းတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီမြန်မာပိုင်းအစီအစဉ်သို့ သီးခြားဖြေကြားခဲ့သည်။

ရှော့တိုက်ဒုံးများသည် ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီး အရိုးကုသဆောင် အပါအဝင် နေရာရှစ်နေရာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး သံဃာတော် နှစ်ပါး ပျံလွန်တော်မူပြီး အရပ်သားနှစ်ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်သည်။

ဧပြီလ ၈ ရက်နေ့ကလည်း ပြင်ဦးလွင်ရှိ စစ်ကောင်စီ၏ စစ်တက္ကသိုလ် (DSA)ကို မန္တလေးတိုင်း (ပကဖ)က ၁၀၇ မမ ရှော့တိုက်ဒုံးငါးလုံးဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သေးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး