အကျဉ်းသား ၃,၀၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပေးကြောင်း စစ်ကောင်စီထုတ်ပြန်

ပုံအညွှန်း- အင်းစိန်ထောင် (ပုံဟောင်း)

၀၀၁၊ ဂျူချန်း

(မဇ္ဈိမ) ။ ။ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ ၃,၃၀၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်း စစ်ကောင်စီက ယနေ့ (ဧပြီလ ၁၇ ရက်) နေ့တွင် ထုတ်ပြန်ကြေညာသည်။

၎င်းတို့ကို ရာဇဝတ်ကျင့်ထုံးဉပဒေ ပုဒ်မ (၄၀၁) ပုဒ်မခွဲ (၁) အရ နောက်တကြိမ်ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော သတ်မှတ်ချက်ဖြင့် စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

ယခင်က စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးမှုများ ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသားအရေအတွက် အနည်းအကျဉ်းမျှသာ ပါဝင်ခဲ့ပြီး ယခုတခေါက် လွတ်ငြိမ်းခွင့်တွင် နိုင်ငံ‌ရေးအကျဉ်းသားအရေအတွက် မည်မျှပါဝင်ကြောင်း မသိရှိရသေးပေ။

“စစ်ရေးမှာ စစ်ကောင်စီက အရေးနှိမ့်နေတာရယ်။နိုင်ငံတကာ ဖိအားတွေကို အာရုံစိုက်ဖို့ အရမ်းမလိုသေးဘူးလို့ ယုံကြည်တာကြောင့် ဒီနှစ်ဆန်းတရက်မှာလည်း နိုင်ကျဉ်းလွတ်ဖို့ အင်မတန်နည်းပါလိမ့်မယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှ ၂၀၂၄ ခုနှစ် ဧပြီလ ၁၂ ရက်နေ့အထိ ဖမ်းဆီးခံရသူ ၂၆,၅၂၄ ဦးရှိပြီး ထိုအထဲမှ ၂၀,၃၅၁ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းအရ သိရသည်။

စာတည်း။ ။ နောင်နောင်