စစ်ကောင်စီ၏ လွတ်ငြိမ်းတွင် နိုင်ကျဉ်း ၄ ရာခိုင်နှုန်းသာ ပါဝင်ကြောင်း PPNM ထုတ်ပြန်

ဧပြီ ၁၇ ရက်နေ့ အင်းစိန်ထောင်ရှေ့မြင်ကွင်း/ဓါတ်ပုံ- EPA-EFE/NYEIN CHAN NAING

ဂျူချန်း

(မဇ္ဈိမ)။ ။စစ်ကောင်စီက မြန်မာနှစ်ကူးအထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်းအကျဉ်းထောင်များမှ လွှတ်ပေး သည့် အကျဉ်းသူ၊ အကျဉ်းသားများတွင် နိုင်ငံရေးအကျဉ်းသား ၄ ရာခိုင်နှုန်းသာပါဝင်ကြောင်း မြန်မာနိုင်ငံ လုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ယနေ့(ဧပြီ ၁၈ ရက်)တွင် ထုတ်ပြန်သည်။

“ကျနော်တို့မှန်းတာ မမှားဘူးဆိုရင် လေးရာခိုင်နှုန်းဝန်းကျင်ပဲ ရှိတယ်ပေါ့နော်။ ကျနော်တို့ ဆက်လိုက် နေတဲ့ ထောင်တွေလည်း ရှိသေးတယ်။ မြန်မာနိုင်ငံရဲ့ အကျဉ်းထောင် ၃၈ ခု၊ ၃၉ ခုလောက်ကို ပြန်လိုက် ရမှာဖြစ်တယ်။ အများဆုံးတော့ လေးရာခိုင်နှုန်းပေါ့နော်။ လက်ရှိအချိန်အထိတော့ သုံးရာခိုင်နှုန်းကျော် ကျော်လေးပဲ ရှိပါတယ်” ဟု PPNM ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

ယနေ့(ဧပြီ ၁၈ ရက်)အထိ ရရှိထားသည့်အချက်အလက်များအရ လွှတ်ပေးသည့် အကျဉ်းသား ၃,၃၀၃ ဦး အနက် နိုင်ငံရေးအကျဉ်းသား ၁၀၁ ဦးသာပါဝင်ပြီး ယင်းတို့အနက် မြစ်ကြီးနားအကျဉ်းထောင်မှ လွတ် မြောက်ခဲ့သည့် KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို နာရီပိုင်းအတွင်း စစ်ကောင်စီကပြန် လည်ဖမ်းဆီးခဲ့ကြောင်း PPNM က ဖော်ပြသည်။

ယင်းအရေအတွက်သည် မျှော်မှန်းထားသည့်အရေအတွက်ထက် လွန်စွာနည်းပါးနေကြောင်း ကိုသိုက် ထွန်းဦးက ပြောသည်။

“ကျနော်တို့မှန်းဆထားတဲ့ မျှော်လင့်ချက်ထက်တော့ တော်တော်လေးနည်းပါတယ်။ ကျနော်တို့က အနည်းဆုံး နိုင်ငံရေးအကျဉ်းသား ၅၀၀ နဲ့ ၁,၀၀၀ ဝန်းကျင်လောက်ပါမယ်ဆိုကောင်းမယ်လို့ မျှော်လင့် ထားတာ။ ဘာလို့ဆို နှစ်ဆန်းတရက်နေ့မှာ တိရိစ္ဆာန်လေးတွေကိုတောင် ဘေးမဲ့အနေနဲ့ လွှတ်ပေးသေး တာ။ လူသားတွေဖြစ်တဲ့အတွက် ပိုပြီးတော့မျှော်လင့်ခဲ့ကြတယ်။ ကျနော်တို့ မှန်းထားတာနဲ့ တက်တက် စင်အောင် လွဲတယ်လို့ ပြောချင်ပါတယ်” ဟု PPNM ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ကောက်ယူထားသည့် အချက်အ လက်အရ အင်းစိန်၊ မြစ်ကြီးနား၊ ပြည်၊ မြိတ်၊ ပုသိမ်၊ အိုးဘို၊ သာယာဝတီ၊ ထားဝယ်၊ သရက်၊ စစ်တွေ၊ မိတ္ထီလာ၊ ရမည်းသင်း၊ ကျိုက်မရော၊ ဖျာပုံ၊ ဒိုက်ဦး၊ မြင်းခြံ၊ နေပြည်တော် နှင့် ဂန့်ဂေါအကျဉ်းထောင်တို့မှ နိုင်ငံရေးအကျဉ်းသား အမျိုးသမီး ၂၉ ဦးနှင့် အမျိုးသား ၅၄ ဦး၊ ကျားမစိစစ်ဆဲ ၁၈ ဦး၊ စုစုပေါင်း ၁၀၁ ဦး ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

စစ်ကောင်စီသည် နိုင်ငံရေးအရဖြေလျှော့ပေးကြောင်း နိုင်ငံတကာကိုပြသချင်သောကြောင့်သာ လွတ် ငြိမ်းခွင့်ပေးသော်လည်း လွတ်ရက်စေ့ခါနီးသူများကိုသာ လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်ကြောင်းနှင့် နိုင်ငံရေး အကျဉ်းသားပါဝင်မှုနည်းပါးခြင်းကြောင့် စိတ်မကောင်းဖြစ်ရကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းတဦး ကပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၆,၅၂၄ ဦးရှိပြီး ၂၀,၃၅၁ ဦးမှာ ထိန်းသိမ်းခံ နေရဆဲဖြစ်ကာ ယင်းထိန်းသိမ်းခံနေရသူများအနက်မှ ၈, ၉၄၀ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ဧပြီလ ၁၂ ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း။ ။စောဖေ