မတ္တရာမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူး ပစ်ခတ်ခံရ၍ သေဆုံး

MTO

(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဖြစ်သူ ဗိုလ်မှူး သက်နိုင်စိုး အား တော်လှန်ရေးအဖွဲ့ တခုက ဝင်ရောက်ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံမှ သိရသည်။

ယနေ့ (ဧပြီ ၂၄ရက်)နံနက် ၈ နာရီ ၄၅ မိနစ်အချိန်တွင် မတ္တရာမြို့ ဆူး လက်ဖက်ရည်ဆိုင်တွင် ဝင်ရောက် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း မတ္တရာမြို့ ပကဖ ပြန်ကြားရေးတာဝန်ခံကို ဘိုတောက် က ပြောသည်။

၎င်းက “ မနက်က လက်ဖက်ရည်ဆိုင်ထဲ ဝင်ပစ်သွားတာ ပြည်သူတွေ မြေပြင်ကင်းထောက်တွေရဲ့ အတည်ပြုမှု ၊ စစ်တပ်လော်ဘီ တယ်လီဂရမ်တွေရဲ့ ဖော်ပြမှုတွေအရ သေပြီလို့ အတည်ပြုလို့ရပါတယ်” ဟုပြောသည်။

သေဆုံးသွားသူ ဗိုလ်မှူးသက်နိုင်စိုးသည် မတ္တရာမြို့သား တဦးဖြစ်ပြီး မတ္တရာမြို့ကို တာဝန်နှင့်ရောက်ရှိလာရာ လေးလခန့် ရှိပြီဖြစ်ပြီး ၎င်းရောက်ရှိလာပြီးနောက် မတ္တရာမြို့နယ်ထဲတွင် ပြည်သူများ သတ်ဖြတ်ခံရခြင်း မီးရှို့ဖျက်ဆီးခံရခြင်းများ ပိုမိုများပြားလာကြောင်း ကိုဘိုတောက်က ဆိုသည်။

“ သူရောက်လာပြီးကတည်းက လက်နက်ကြီးပစ်ခတ်မှုတွေလည်းများလာတယ်၊ သူရောက်လာပြီး လေးလ အတွင်းမှာ ပြည်သူ ၂၀ ဦးထက်မနည်း သတ်ဖြတ်ခံထားရတယ်” ဟုပြောသည်။

ဗိုလ်မှူးသက်နိုင်စိုး ပစ်ခတ်ခံရပြီးနောက် မတ္တရာမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့က လုံခြုံရေးတင်းကျပ်ထားပြီး စစ်ဆေးမှုများပြုလုပ်နေကာ ပစ်ခတ်တိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ဆိုခြင်းကို ထုတ်ပြန်ကြေညာခြင်းမရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့ မနက်ပိုင်းတွင်လည်း မတ္တရာမြို့နယ် ရွှေချောင်းကျေးရွာ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် အောက်တောင်ကိုင်းကျေးရွာမှ ဒေသခံ ငါးဦး သေဆုံးခဲ့ သည်။

စာတည်း – သန့်ဇော်(သန်လျင်)