နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၄ ဧပြီ ၂၀၂၄)

အမျိုးသားညီညွတ်ရေး အစိုးရ

အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်း စစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ အာဌာဝက စစ်ကြောင်းထံကို လက်နက်ယူလာပြီး အလင်းဝင်လာသည့် အကြမ်းဖက် စစ်သားတစ်ဦးကို ငွေကျပ် သိန်း ၃၀ ချီးမြှင့်ခဲ့သည်ဟု သိရသည်။

အမျိုးသားညီညွတ်ရေး အစိုးရ၊ တရားရေးဝန်ကြီးဌာန၏ တရားစွဲနှင့် အမှုလိုက်ဦးစီးဌာန နှင့် မြို့နယ်ဥပဒေတာဝန်ခံများ တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးကို ဧပြီ ၁၂ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ် (၉) တပ်ရင်း၏ ကိုယ်တိုင် ထုတ်လုပ်ရေး ဒရုန်းဗုံးသီးများတွင် မိမိကြိုက်နှစ်သက်ရာ စာသား‌ ရေးသားပြီး တော်လှန်ရေးတွင် ပါဝင် နိုင်သည်ဟု သိရသည်။

တနင်္သာရီ ပကဖ နှင့် မြိတ် ပကဖ ဆေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဒုတိယအကြိမ် တော်လှန်သင်္ကြန်စျေး ရောင်းပွဲ ကမ်ပိန်းကနေ ငွေကျပ် ၃၆ သိန်းကို ရရှိခဲ့သည်ဟု တနင်္သာရီ ပကဖ၏ ယနေ့ထုတ်ပြန်သည့် ရန်ပုံငွေရှင်းတမ်းတွင် ဖော်ပြထားသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက် တစ်မိုင်ဝန်းကျင်အကွာကလေး- ဂန့်ဂေါ လမ်းမကြီး ဘေးက စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်ကို ဧပြီ ၂၁ ရက်နေ့က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ကလေးခရိုင် ပြည်သူကာကွယ်ရေး Drone တပ်ဖွဲ့ – Wings of Kalay Drone Team က ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ယောက်ချိုကွင်းရွာကို အကြမ်း ဖက်စစ်တပ်က ဧပြီ ၂၀ ရက်က ဝင်ရောက်တပ်စွဲကာ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေ ဒေသခံပြည်သူများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်က တပ်စွဲထားသော နေရာ ၂ ခုကို ဧပြီ ၂၂ ရက်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက် ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း Wings of Kalay အဖွဲ့ထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထုံးဘိုကုန်းကျေးရွာအနီးရှိ ရွှေမျောလုပ်သည့် အင်းအား စစ်တပ်က ဧပြီ ၂၃ ရက်၊ နေ့လယ်ပိုင်းက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြော သည်။

မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်တွင် လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် မြို့နယ် စစ်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူး သက်နိုင်စိုး ဧပြီ ၂၄ ရက်၊ နံနက်ပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံ ပြည်သူ များက ပြောသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကြည်ရွာရှိ စစ်စခန်းကို ဧပြီ ၂၀ ရက်က တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၅ ဦး သေဆုံးပြီး ၅ ဦး အရှင်ဖမ်းမိခဲ့ ကြောင်း မြင်းခြံခရိုင် တပ်ရင်းအမှတ် ၂ (MGN-Tiger) ထံမှ သိရသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ကျေးရွာများကို မီးရှို့ပြီး ထွက်လာသော စစ်ကောင်စီတပ် စစ်ကြောင်းကို ဧပြီ ၂၂ ရက်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ ဝင် ခုနစ်ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကြောင်း Myingyan Black Tiger (MBT) အဖွဲ့က ဧပြီ ၂၄ ရက်တွင် ထုတ်ပြန်သည်။

မကွေးတိုင်း၊ နတ်မောက်-မြို့သစ်မြို့ အကြား လမ်းဆုံ နှင့် ကျေးရွာ ၄ ရွာမှ ပြည်သူ ၃၀ ကျော်ကို ဧပြီ ၂၃ ရက်က အကြမ်းဖက် စစ်တပ်က နေအိမ်ထဲထိ ဝင်ရောက် ဖမ်းဆီးပြီး စစ်မှုထမ်းရန် ခေါ်ဆောင် သွား ကြောင်း ဒေသပြည်သူများ နှင့် People’s Defence Organization – Natmauk တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် နှင့် ပခုက္ကူမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်သားများ တပ်စွဲထားသည့် နေရာ နှင့် လက်ပါးစေ ပျူစောထီးရွာကို ဧပြီ ၂၁ ရက်တွင် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးသီးကျဲချတိုက်ခိုက်ခဲ့သည်ဟု Young Force UG က ထုတ်ပြန်လိုက် သည်။

ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်တောင်းတံတားစစ်ဆေးရေးဂိတ် နှင့် စစ်တပ်က တပ်စွဲထားသော နေရာများကို ဧပြီ ၂၃ ရက်၊ နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန် တိုင်း ပကဖ ဆက်သွယ်ရေး နှင့် မီဒီယာတာဝန်ခံက ပြောသည်။

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာကို စုန်ဆင်းလာသော အကြမ်းဖက် စစ်သားများ လိုက်ပါလာသည့်စက်လှေကို ဧပြီ ၂၃ ရက်၊ နံနက်ပိုင်းက PDF တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဝင်းအောင်သည် ယမန်နေ့ ဧပြီ ၂၃ ရက်၊ ညပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက် များအရ သိရသည်။

ရေးဘီလူးအဖွဲ့ခေါင်းဆောင် ကျဆုံးသွားပြီဆိုသည့် သတင်းမှားများ ပြန့်နှံ့နေသည့်အပေါ် ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ကျန်းမာစွာရှိနေကြောင်း ရှင်းလင်း အသိပေးပြောကြားသည်။

ကရင်နီ (ကယား) ပြည်နယ်တွင် ဒီမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အပတ်စဉ် ၂၂ အခြေခံ စစ်ပညာသင်တန်း ဆင်းပွဲကို ဧပြီ ၂၃ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မိုင်နွဲ့ရွာကို ဧပြီ ၂၁ ရက်က စစ်ကောင်စီတပ်က ဒုတိယအကြိမ် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် အကြမ်းဖက် စစ်တပ်ကြောင့် ၃ လတာ ၉၁ ရက်အတွင်း ကလေးငယ် ၁၀ ဦး အပါအဝင် အပြစ်မဲ့ အရပ်သား ၆၆ ဦး သေဆုံးပြီး ၇၉ ဦး ဒဏ်ရာရရှိခဲသည်ဟု ပအိုဝ်းလူငယ် အစည်း အရုံး (PYO) အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ကရင်နီ(ကယား) ပြည်နယ်ရှိ စစ်ရှောင်စခန်း ၃ ခုစာအတွက် အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန် များကို အလှူရှင်ကိုယ်စား ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်က ယနေ့ ဧပြီ ၂၄ ရက်တွင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အိန္ဒိယအစိုးရက ရှယ်ယာအများစု ပိုင်ဆိုင်ထားသည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း (PSUs) များသည် စစ်ကောင်စီရေတပ်ကို စစ်ဘက်သုံးစက်ပစ္စည်းများ အခြေခံ အဆောက်အအုံပစ္စည်းများ နှင့် လေ့ကျင့်သင်ကြားမှုများကို ဆက်တိုက် ပံ့ပိုးပေးနေသည်ဟု Justice for Myanmar က ဖော်ထုတ် လိုက်သည်။

ထိုင်းဒုဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Panpree Phitthanukorn သည် ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတို့နှင့်အတူ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့သို့ ဧပြီ ၂၃ ရက်၊ မွန်းလွဲပိုင်းက ရောက်ရှိလာပြီး ထိုင်း-မြန်မာနယ်စပ်အခြေအနေများကို လာရောက် ကြီးကြပ်စစ်ဆေးကြောင်း ထိုင်းသတင်းမီဒီယာများက သတင်းဖော်ပြသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ဖက်ဒရယ်ဒီမိုကရေစီနည်းလမ်းတကျ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ဖြင့် အောက်ခြေမှ စတင် သော အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ရှမ်းပြည်ပြန်လည် ထူ ထောင်ရေး ကောင်စီ (RCSS) က ဧပြီ ၂၂ ရက်တွင် ထုတ်ပြန်သည်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြိုနယ်ရှိ ကျင်ဒွေးမြိုအား သိမ်းပိုက်နိုင်ရန် အရှိန်မြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယမန်နေ့တွင် ချင်းအမျိုးသားအဖွဲချုပ် (CNO) က ထုတ်ပြန်ထားသည်။

သျှမ်းပြည်တပ်မတော် SSA တည်ထောင်ခြင်း နှစ် ၆၀ ပြည့်အခမ်းအနားကို ယနေ့ ကျင်းပပြုလုပ်စဉ် အာရက္ခတပ်တော် AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် တက်ရောက်ခဲ့ကြောင်း သိရသည်။

တအာင်းပြည်၊ တပ်မဟာ (၂) စစ်ဒေသ၊ နမ့်ဆန်ခရိုင်၊ မိုင်းငေါ့မြို့နယ်တွင် တအာင်းပြည် ပညာရေး ကောင်စီ- TLEC က နွေရာသီ ဆရာ၊ ဆရာမ စွမ်းရည်မြင့်မားရေးသင်တန်း အပတ်စဥ် ၃ ကို ဧပြီ ၂၂ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်း ကျေးရွာရှိ စစ်ကောင်စီ၏ ခမရ ၁၁၆ တပ်စခန်းကို KIA က အပြီးသတ်သိမ်းပိုက်ရရှိကြောင်း KIA မြေပြင် သတင်းရင်းမြစ်၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန် ခေတ်သစ်သတင်းဌာနတွင် ဖော်ပြသည်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဒေါ်မြရွာဟောင်းတွင် ရခိုင့်တပ်တော် AA နှင့် အကြမ်းဖက် စစ်တပ်တို့ ဧပြီ ၂၂ ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား ၃၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသခံ ပြည်သူများက ပြောသည်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP – AD)နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)တို့ တွေ့ဆုံပြီး နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက် ရရှိခဲ့ကြောင်း နှစ်ဖက်ပူးတွဲ ထုတ်ပြန်သည်။

ကရင်ပြည်နယ်၊ မြ၀တီမြို့ မှ KNLA ပူးပေါင်းတပ်များ ယာယီဆုတ်ခွာလိုက်ပြီး စစ်ကူလာနေသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေးဖြင့် ထိုးစစ်ဆင်လာသော စစ်ကြောင်းများကို ပြတ်ပြတ် သားသား တိုက်ခိုက်ချေမှုန်းမည်ဟု KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ပြောသည်။

မြ၀တီမြို့ ခလရ ၂၇၅ တပ်တွင် စစ်ကောင်စီအလံတင်ရန် BGF က စစ်သားများကို ခေါ်ဆောင်လာခဲ့ဟု KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီး ပြောသည်။

ကရင်ပြည်နယ် မြဝတီခရိုင် နှင့် ရွှေကုက္ကိုလ်မြို့အတွင်း ဒါဇင်နှင့်ချီတည်ရှိသည့် တရုတ်ဂိုဏ်း၏ ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းတွင် အဓိက ပါဝင်သူများထဲတွင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ၃ ဦး ပါဝင်သည်ဟု United States Institue of Peace (USIP) အဖွဲ့က ထုတ်ပြန် ထား သည်။

စစ်ကောင်စီ

မြဝတီမြို့ရှိ မြို့စောင့်တပ်ဖြစ်သော ခလရ(၂၇၅)တပ်ရင်းကို တပ်မတော်က ပြန်လည် သိမ်းပိုက် ရရှိကြောင်း စစ်ကောင်စီဝါဒဖြန့်ချိရေး ခေါင်းဆောင် ဇော်မင်းထွန်းက ပြောသည်။

ရခိုင်ပြည်နယ်၊ စစ်တွေအကျဉ်းထောင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ သား ၁၇၃ ဦးကို စစ်ကောင်စီက ရေတပ်စစ်သင်္ဘောနှင့်တင်ဆောင်ပြီး ဧပြီ ၂၃ ရက်တွင် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များလက်ထဲသို့ လွှဲပြောင်းပေးခဲ့သည်ဟု စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးက ထုတ်ပြန်သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ လားရှိုးမြို့တွင် တရုတ်နိုင်ငံသား ၁၂ ဦး ပါဝင်သည့် အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်) အဖွဲ့ဝင် ၂၀ ကျော်ကို စစ်ကောင်စီက ဧပြီ ၂၃ ရက်တွင် ဖမ်းဆီးခဲ့သည်ဟု သိရသည်။

အခြေခံပညာကျောင်းများတွင် စာသင်ကြားရုံသာမက အားကစားချိန်မှာ အမှန်တကယ်အားကစား ပြုလုပ်ကြရန် နှင့်ကျောင်းစာကြည့်တိုက်တွင် စာဖတ်ရန် အချိန်ဇယားကို ထည့်သွင်းရေးဆွဲကျင့်သုံးရမည် ဖြစ်သည်ဟု စစ်ကောင်စီပညာရေး ဝန်ကြီး ဒေါက်တာ ညွန့်ဖေက ပြောသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တစ်နှစ်တာကာလအတွင်း ပြည်ပကို သတ္တုတွင်းထွက်ပစ္စည်း တင်ပို့မှုကနေ အမေရိကန် ဒေါ်လာ ၂၇၁ သန်းကျော် ရရှိခဲ့သည်ဟု စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက သိရသည်။

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဘုရားကလေးရွာအုပ်ချုပ်ရေးမှူးက ကိုယ်ဝန်ဆောင် အမျိုးသမီး နှင့် ကလေးငယ် ၂ ဦး ဖခင်ဖြစ်သူ ကိုကျော်ကျော်နိုင်ကို ဧပြီ ၂၀ ရက်က စတင်ကာ စစ်မှုထမ်းရန် မဲပေါက်သည်ဆိုကာ ဖမ်း ဆီး ခေါ်ဆောင် သွားကြောင်း ဒေသခံ ပြည်သူများက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်တို့ မောင်နှမ (၂) ဦး၏ ခြံအမှတ် (၅၄) အမွေဆိုင်အိမ် လေလံကိစ္စ နှင့် ပတ်သက် ၍ မနက်ဖြန် ဧပြီ ၂၅ ရက်တွင် တရားရုံးချိန်းရှိကြောင်း စစ်ကောင်စီ ကမာရွတ်ခရိုင် တရားရုံးနှင့်နီးစပ်သူ က ပြောသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်တွင် ဧပြီ ၁၂ ရက်က တည်းက နေအိမ်ထောင်နှင့်ချီ မီးရှို့ ဖျက်ဆီး ခံနေရပြီး ယင်းမီးရှို့မှုမှာ စစ်ကောင်စီ နှင့် ARSA, ARA အကြမ်းဖက်အဖွဲ့တို့ ပူပေါင်း မီးရှို့ခဲ့ဖြစ်ကြောင်း ဒေသခံများနှင့်သတင်းရင်းမြစ်များ၏ ပြောဆိုချက်ကို ကိုးကားပြီး Western News တွင် ဖော်ပြထားသည်။

ဧပြီ ၂၄ ရက် သုံးသပ်ချက်

အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းကို စစ်ကောင်စီက နီမ်နင်းနေဟုဆိုသော်လည်း ယင်းလုပ်ငန်း များတွင် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွှယ်သူများ ပါဝင်နေသည်ကို တွေ့ရသည်။

မြဝတီမြို့ကို ပြန်လည် သိမ်းပိုက်နိုင်ပြီဟု စစ်ကောင်စီ ဝါဒဖြန့်ချိရေးခေါင်းဆောင် ဇော်မင်းထွန်းကပြောနေ သော်လည်း တကယ်တမ်း BGF ခေါ် KNA တပ်ဖွဲ့များနှင့် ညှိနှိုင်းပြီး မြဝတီ မြို့စောင့်တပ် ခလရ (၂၇၅) တွင် အလံပြန်လည် လွှင့်ထူခြင်းဖြစ်သည်။မြဝတီမြို့တွင်တော့ BGF များသာရှိသည်ဟု ဒေသခံများကပြော ကြသည့်အတွက် BGF သာ မပါရင် စစ်ကောင်စီတပ်များ အလံပြန်လွှင့်ရန် မဆိုထားနှင့် အနားပင်ကပ်၍ မရနိုင်ပေ။