မတရားလုပ်ရပ်များနှင့်ပတ်သက်၍ ထုတ်ပြန်အစီရင်ခံခြင်းကို တားဆီးရန် ကုလသမဂ္ဂအေဂျင်စီများကို တရုတ် လာဘ်ထိုးနေ

The HK Post:-

တရုတ်သည် ကမ္ဘာလုံးဆိုင်ရာ ဩဇာလွမ်းမိုးမှု ထူထောင်ရန်၊ ပြည်တွင်းတွင် ဒီမိုကရေစီကို နှိပ်ကွပ်ပြီး တရုတ်ကွန်မြူနစ်ပါတီ၏ အာဏာရှင်အုပ်ချုပ်မှုကို မြှင့်တင်ရန်နှင့် ဟန်တရုတ်လွှမ်းမိုးမှု ထူထောင်ရေးအတွက် လူ့အခွင့်အရေးကို ချိုးနှိမ်ရန် နိုင်ငံတကာစည်းမျဉ်းများကို တမင်တကာဖျက်ဆီးလျက်ရှိသည်။

ယခုအခါ တရုတ်သည် ၎င်း၏ မတရားလုပ်ရပ်များကို ဆန့်ကျင်သည့် ကုလသမဂ္ဂ၏ အသံကို တိတ်သွားစေရေး ဆောင်ရွက်ရန် အရေးကြီးလာသည်။ ထိုသို့လုပ်ဆောင်နိုင်ရန် တရုတ်သည် ယခုအခါ ငွေကြေးအင်အားကိုသုံး၍ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့များမှ ထိပ်တန်းတာဝန်ရှိသူများကို ဩဇာလွှမ်းမိုးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု ဗြိတိန်နိုင်ငံက နောက်ဆုံးထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာသည် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ ဝန်ထမ်းဟောင်းဖြစ်သော ဗြိတိန်နိုင်ငံသူ အမ်မရီလီက နိုင်ငံခြားရေးကော်မတီသို့ တင်သွင်းသည့် အထောက်အထားများကို အခြေခံထားသည်။ ယင်းကော်မတီသည် ဗြိတိန်အစိုးရနိုင်ငံခြားရေးဌာနကို စိစစ်ရသည့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဖြစ်သည်။

“အထောက်အထားများအရ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး(OHCHR)သည် အန္တရာယ်ဖြစ်လောက်အောင်အထိ တရုတ်အစိုးရကို မျက်နှာသာပေးနေကြောင်းနှင့် တရုတ်က ၎င်း၏ အမျိုးသားအကျိုးစီးပွားအတွက် ကုလသမဂ္ဂကို အသုံးချရန် ကြိုးပမ်းမှုများတွင် ယင်းကဲ့သို့ မျက်နှာသာပေးမှုများ ပါဝင်ကြောင်း” ထုတ်ဖော်ဖွင့်ချသူဖြစ်သော OHCHR ဝန်ထမ်းဟောင်း အမ်မရီလီက စွပ်စွဲပြောဆိုထားသည်။ တရုတ်အား မျက်နှာသာပေးမှုများကို ကုလသမဂ္ဂအတွင်း ဖုံးကွယ်ထားသည်ဟု ရီလီ၏ အထောက်အထားများက ညွှန်ပြနေသည်။

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များနှင့်ပတ်သက်၍ နှစ်နှစ်ကြာ ဆွေးနွေးညှိနှိုင်းမှုများအတွင်း တရုတ်က လာဘ်ထိုးမှုများ ပြုလုပ်ခဲ့ပြီး ကုလသမဂ္ဂညီလာခံသို့ တင်သွင်းသည့် အပြီးသတ်အစီရင်ခံစာအပေါ် သိသိသာသာ လွှမ်းမိုးမှုရှိခဲ့သည်ဟု ရီလီက စွပ်စွဲထားသည်။ ထောက်ပံ့ထားသည့် ငွေကြေးများကို ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေးရှိသော နိုင်ငံများတွင် အသုံးမပြုရန် တရုတ်က ကုလသမဂ္ဂအဖွဲ့အစည်းများအတွင်း လျှို့ဝှက်ဆောင်ရွက်လျက်ရှိကြောင်း ၎င်း၏ အထောက်အထားများတွင် ဖော်ပြထားသည်။

လူ့အခွင့်အရေးကောင်စီဌာနခွဲရှိ အကြီးအကဲများထဲမှ တဦးသည် လူ့အခွင့်အရေးကောင်စီသို့ တက်ရောက်ရန် စီစဉ်ထားသည့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများနှင့်ဆိုင်သော အချက်အလက်များကို တရုတ်ထံသို့ လျှို့ဝှက် ကြိုတင်ပေးပို့ခဲ့ကြောင်း ယင်းအထောက်အထားတွင် ဖော်ပြထားသည်။ အဆင့်ဆင့်သော ကုလသမဂ္ဂ အရာရှိများသည် တရုတ်ထံပေးပို့ခဲ့သော အမည်စာရင်းများနှင့်ပတ်သက်၍ ကုလသမဂ္ဂ၏ ကိုင်တွယ်ပုံကို မေးခွန်းထုတ်ခဲ့သည့် ဗြိတိန်ကိုယ်စားလှယ်အဖွဲ့အပါအဝင် အဖွဲ့ဝင်နိုင်ငံများကို ရည်ရွယ်ချက်ရှိရှိ လိမ်လည်ထားကြောင်း စွပ်စွဲရေးသားထားသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးက တရုတ်ထံ NGO ကိုယ်စားလှယ်များ၏ အမည်များကို ကြိုတင်ပေးပို့ခဲ့သောကြောင့် တရုတ်ရဲများက ၎င်းတို့၏ မိသားစုများထံ လာရောက်ပြီး ကိုယ်စားလှယ်များ၏ လုပ်ဆောင်ချက်များကို ရပ်တန့်ရန် ဖုန်းဆက်ပြောဖို့ အတင်းအကျပ်ဖိအားပေးခဲ့ကြောင်းနှင့် မတရားဖမ်းဆီးခြင်း၊ အစည်းအဝေးကာလအတွင်း နေအိမ်အကျယ်ချုပ်ချထားခြင်း၊ လက်စဖျောက်ခြင်း၊ အကြောင်းပြချက်မရှိဘဲ နှစ်ရှည်ထောင်ဒဏ်များချမှတ်ခြင်း၊ ဝီဂါများဖြစ်လျှင် ချွေးတပ်စခန်းများသို့ ပို့ဆောင်ခြင်း စသည့်ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့ကြောင်း အထောက်အထားများတွင် ဖော်ပြထားသည်။

ကိုဗစ်၏မူလဇစ်မြစ်နှင့်ပတ်သက်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)နှင့် ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်အစီအစဉ် နှစ်ခုစလုံး၏ အစီရင်ခံစာများတွင် ဓာတ်ခွဲခန်းယိုစိမ့်မှုကြောင့် ဖြစ်နိုင်သည်ဆိုသော အထောက်အထားများကို လျှော့ချရန် တည်းဖြတ်ခဲ့ရသည့် အထောက်အထားများလည်း ပါဝင်သည်။ တရုတ်သည် အာဏာရှင်နိုင်ငံများ၏ အမြင်ဖြင့် အစိုးရကို ဗဟိုပြုသည့်စနစ်နှင့် ပိုမိုကိုက်ညီမည့် နိုင်ငံတကာစနစ်ကို ဖော်ဆောင်ရန် ကြိုးပမ်းနေသည်ဟုလည်း ဖော်ပြထားသည်။

တရုတ်သည် စည်းမျဉ်းအခြေပြု ကမ္ဘာ့အစီအစဉ်ကို ချိုးဖောက်ခြင်း၊ ဒီမိုကရေစီကို နှိပ်ကွပ်ခြင်းနှင့် လူ့အခွင့်အရေးကို ချိုးနှိမ်ခြင်းအားဖြင့် ကမ္ဘာ့နံပါတ်(၁) အင်အားကြီးနိုင်ငံဖြစ်လိုသည့် ၎င်း၏ ရည်မှန်းချက်များ အောင်မြင်ရန် ကြိုးပမ်းလျက်ရှိကြောင်း လေ့လာသုံးသပ်သူများက ပြောကြားထားသည်။ ထိုသို့ဆောင်ရွက်ရာတွင် တရုတ်၏ လုပ်ရပ်များကို ဆန့်ကျင်သည့် ကုလသမဂ္ဂကဲ့သို့သော ထုတ်ဖော်ဖွင့်ချသူများကို အသံတိတ်သွားအောင် လုပ်ဆောင်ရန် အရေးကြီးလာသည်။ တရုတ်ကို အရှက်ရစေမည့် အကြောင်းအရာများအား ကုလသမဂ္ဂတွင် ဆွေးနွေးခြင်းကို ရပ်တန့်နိုင်ရန် မဲပေးရာတွင် ဩဇာလွှမ်းမိုးမှု ရရှိရေး ကြိုးပမ်းလျက်ရှိသည်။

သမ္မတ ရှီကျင့်ဖျင် ဦးဆောင်သော တရုတ်အစိုးရ၏ အဓိက ရည်ရွယ်ချက်မှာ အသားကျပြီးသားဖြစ်သော နိုင်ငံတကာစည်းမျဉ်းများကို ချိုးဖောက်ပြီး တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ ဩဇာလွှမ်းမိုးမှုကို ချဲ့ထွင်ရန် ဖြစ်သည်။