ရေးမြို့နယ်တွင် ပြည်သူ့စစ်အဖွဲ့ထံမှ လက်နက်များသိမ်းဆည်းရရှိသည်ဟု MSRF ထုတ်ပြန်

သိမ်းဆည်းရရှိသည့် ပစ္စည်းနှင့် စာရွက်စာတမ်းများ

ဂျူချန်း

(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံညှဲကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်အဖွဲ့ထံမှ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိသည်ဟု မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ယမန်နေ့ (ဧပြီလ ၂၅ရက်)က ထုတ်ပြန်သည်။

ခေါဇာမြို့နယ်ခွဲ ကျုံညှဲကျေးရွာရှိ ပြည်သူ့စစ် ငါးဦး ကို ဧပြီလ ၂၃ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယင်းပြည်သူ့စစ်အဖွဲ့ထံမှ M4 ကာဘိုင် သေနတ်နှစ် လက်၊ ကိုးလုံးပြောင်းချော သေနတ်နှစ်လက်၊ သေနတ်အတို လေးလက်၊ တူမီး တလက်၊ လက်ပစ်ဗုံး လေးလုံး နှင့် ခဲယမ်းကျည်ဆံများ သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီလူတွေပြည်သူ့စစ်သက်တမ်း ဘယ်လောက်ရှည်ကြာသလဲတော့မသိဘူး။ ဒါပေမယ့်သေချာတာက စစ်ကောင်စီ စတက်လာကတည်းက ပြည်သူ့စစ်ခေါင်းဆောင်တွေ ဖြစ်နေတယ်။ နောက်ပြီးတော့ အဝင်းက အုပ်ကြီးပေါ့နော် အဲ့ဒီမတိုင်ခင်ကတည်းက ပြည်သူ့စစ်ဖြစ်နေတာလို့ သိရတယ်” ဟု မွန်ပြည်တော်လှန်ရေးတပ် MSRF တာဝန်ခံ နိုင်နဂါးကပြောသည်။

ပြည်သူ့စစ်ငါးဦးအနက် သုံးဦးကို စစ်ဆေးမေးမြန်းကာ ဖမ်းဆီးခဲ့သည့် ဧပြီ ၂၃ ရက်ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့ပြီးနောက် ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သူ ကျုံညှဲကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ဒုတိယပြည်သူ့စစ်ခေါင်းဆောင်တို့ကို စစ်ဆေးမေးမြန်းရန် ဆက်လက်ထိန်းသိမ်းထားစဉ် ဧပြီလ ၂၄ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်တွင် သေနတ်လုယူ ပစ်ခတ်သောကြောင့် ၎င်းတို့နှစ်ဦးကို ပြန်လည်ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း MSRF က ထုတ်ပြန်ထားသည်။

သေနတ်လုယူပစ်ခတ်စဉ်အတွင်း MSRF ရဲဘော်တဦးလည်း မစိုးရိမ်ရ ကျည်ထိမှန်ဒဏ်ရာ ရရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူ့စစ်ခေါင်းဆောင်အမည်မှာ ဦးတင်ဝင်း ခေါ် အဝင်း ဖြစ်ပြီး ဒုတိယ ပြည်သူ့စစ်ခေါင်းဆောင်မှာ ဦးသိန်းဝင်း ဖြစ်ကာ ၎င်းတို့သည် အာဏာမသိမ်းခင် ကာလများကတည်းကပင် ပြည်သူ့စစ်အဖွဲ့ဝင်များဖြစ်ကြပြီး အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ကာ စစ်ကောင်စီယန္တရားများ လည်ပတ်နိုင်အောင် ပြည်သူ့စစ်မှုထမ်းအတွက် တပ်သားသစ်စုဆောင်ခြင်း ကဲ့သို့သော လုပ်ငန်းများကို ဦးဆောင်ကူညီ လုပ်ကိုင်ပေးနေသူများဖြစ်ကြောင်း နိုင်နဂါးက ပြောသည်။

ယင်းအပြင် ပြည်သူ့စစ်မှုထမ်းရန်အတွက် တပ်သားသစ်စုဆောင်းရန်နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ လျှို့ဝှက်ညွှန်ကြားထားသည့် စာရွက်စာတမ်းများကိုလည်း သိမ်းဆည်းရရှိကြောင်း ဓါတ်ပုံမှတ်တမ်းများဖြင့် ဖော်ပြထားသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပသည့် မွန်ပြည်နယ်၊ လုံခြုံရေးနှင့် ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်ပါ ဒုတိယအချက်တွင် “ဒေသအတွင်းသို့ အကြမ်းဖက်သမားများ ဝင်ရောက်လာပါက နယ်မြေဒေသများသာ ပျက်စီးဆုံးရှုံးနိုင်ကြောင်းကို ယခုလက်ရှိ ဓမ္မသကျေးရွာဖြစ်စဉ်အား နမူနာပြပြီး အောက်ခြေအဆင့်အထိ တိုင်းရင်းသားပြည်သူများအား ချပြရှင်းလင်း ပြောကြားထားရန်” ဟူသည့် အချက်ပါရှိသည့် လျှို့ဝှက်စာကို မွန်ပြည်နယ်အစိုးရရုံး၏ ညွှန်ကြားချက်ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှတဆင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များအားလုံးကို ညွှန်ကြားထားကြောင်း စာရွက်စာတမ်းပါ အချက်အလက်အရ သိရသည်။

“စစ်ကောင်စီခန့် မွန်ပြည်နယ်အစိုးရလို့ခေါ်တဲ့ အဖွဲ့အစည်းက မွန်ပြည်သူအများစုနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပြီးတော့ မွန်ပြည်သူများရဲ့ အားနည်းချက်တွေကို သူတို့ကောင်းကောင်းသိတဲ့အတွက်ကြောင့် ပြည်သူတွေကို အကြောက်တရားတွေနဲ့ မတော်လှန်နိုင်အောင် ခုလိုညွှန်ကြားချက်တွေ လုပ်လာတာက အင်မတန်မှ ရွံရှာဖို့ကောင်းတဲ့ အချက်တွေပါ” ဟု MSRF တာဝန်ခံ နိုင်နဂါးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့တွင် ကော့ကရိတ်မြို့နယ် ကော့ဘိန်းရဲစခန်းကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် မတ်လ ၂၇ ရက်နေ့တွင် ကော့ဘိန်းကျေးရွာအနီး ကျိုက်မရောမြို့နယ်ပိုင်၊ ဓမ္မသ ကျေးရွာကို စစ်ကောင်စီတပ်က မီးလောင်ဗုံးများ ကြဲချခဲ့သည့်အတွက် ရွာတဝက်နီးပါး မီးလောက်ပျက်စီးခဲ့ရသည်။

အဆိုပါပြည်သူ့စစ်များကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ ရေးသိမ်းငှက်(ဒေါနစစ်ကြောင်း လုံခြုံရေးတပ်ခွဲ)၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF) – ဒေါနတပ်ခွဲ(၄)၊ ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT) – ဒေါနတပ်ခွဲ(၇)တို့ ပူးပေါင်းကာ သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီနှင့် ပူးပေါင်းလက်တွဲလုပ်ဆောင်နေသည့် လက်နက်ကိုင် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအားလုံးကို ရန်သူအဖြစ် သတ်မှတ်ကာ ဆက်လက်ရှင်းလင်းသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက အသိပေးထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ