အမ်းမြို့နယ် ​စစ်ကောင်စီဗျူဟာကုန်းနှင့် သံတွဲမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်

အာရက္ခတပ်​တော်(AA) စစ်သည်အမျိူးသမီး

ဓါတု

(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်၊ အ​နောက်ပိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ် ​ကဇူး​ကိုင်း တောဟိန်း​တောင်ဗျူဟာကုန်းနှင့် ခလရ(၅၅)အ​ခြေစိုက်သံတွဲမြို့နယ်တို့တွင် အာရက္ခတပ်​တော်(AA)နှင့်စစ်​​ကောင်စီတပ် နှစ်ဘက်ထိ​တွေ့တိုက်ပွဲများ ပြင်းထန်​နေ​ကြောင်းသိရသည်။

အဆိုပါ​နယ်​မြေများတွင် ယ​နေ့ (ဧပြီလ ၂၆ ရက်​​)နေ့လယ်အထိ တိုက်ပွဲများပြင်းထန်​နေပြီး စစ်​ကောင်စီတပ်မှ​ လေ​ကြောင်းပစ်ကူဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်​နေ​ကြောင်း​ ဒေသခံများထံက သိရသည်။

ရခိုင်ပြည်နယ်​တောင်ပိုင်းတွင် အဓိကကျသည့် နပခ နှင့် ၁၆ မိုင်အကွာရှိ ကဇူးကိုင်း​တောဟိန်း​တောင်သည် ရဟတ်ယာဥ်ကွင်းနှစ်ကွင်းပါရှိပြီး နပခကိုသိမ်းပိုက်နိုင်ရန် အဓိကအချက်အချာကျသည့် ဗျူဟာကုန်းဖြစ်​​သော​ကြောင့် စစ်​ကောင်စီမှလက်မလွှတ်​ရေးအတွက်​ လေ​ကြောင်းပစ်ကူဖြင့်အပြင်းအထန်ခုခံ​နေကြောင်း AA နှင့် နီးစပ်သည့်သတင်းရင်းမြစ်တဦးက မဇ္စျိမကို​​ပြောသည်။

“​တောဟိန်း​တောင်က မ​​နေ့ကပိုပြင်းထန်တယ်၊ ဒီ​နေ့လဲဖြစ်​နေတုန်းပဲ။ အဲ့ဒီဗျူဟာကုန်းက ပလက်ဝက နုံဘူးတို့လိုမျိုး နပခအတွက်အ​ရေးပါတဲ့အစိတ်အပိုင်း​ပေါ့ AA က ​တောဟိန်း​တောင်ဗျူဟာရရင် နပခကို ရဖို့လွယ်သွားပြီ အဲ့ဒါ​ကြောင့် စစ်​ကောင်စီက ဗျူဟာကုန်းကျမှာစိုးရိမ်​နေတာ”ဟု ၎င်းက​ဆိုသည်။

ယင်း​ တောဟိန်း​တောင်ဗျူဟာကုန်းအား တ​ကျော့ပြန်တိုက်ပွဲအတွင်း AA ကထိုးစစ်ဆင်ခဲ့သည်မှာ တတိယအကြိမ်​မြောက်ဖြစ်ပြီး ယခုအကြိမ်သည် ယခင်ထက် တိုက်ပွဲပိုမိုပြင်းထန်​နေ​ကြောင်း သိရသည်။

အာရက္ခတပ်​တော်(AA)

ထို့အပြင် တိုက်ပွဲဖြစ်ပွား​နေသည့် ​ခြေလျင်တပ်ရင်း ခလရ(၅၅)အ​ခြေစိုက် သံတွဲမြို့နယ်​တွင်လည်း တိုက်ပွဲများပြင်းထန်​နေပြီး စစ်​ကောင်စီတပ်သားအ​လောင်းအများအပြားတွေ့ရ​ကြောင်း ​ဒေသခံသတင်းအရင်းမြစ်တဦးကမဇ္စျိမကို​ပြောသည်။

“မ​နေ့က ပုရစ်နဲ့​ရေ​ကောက်ရွာအစပ် ဘုန်းကြီး​ကျောင်းနားမှာ စစ်​ကောင်စီအ​လောင်း​​တွေအရမ်းများတယ်၊ ပြည်သူ့စစ်(ပျူ​စောထီးလက်နက်ကိုင်)​​​တွေက အ​လောင်းသွား​ကောက်ရတယ်၊ တချို့အ​လောင်း​တွေဆို​ ကောက်မရဘူးပုပ်ပွ​နေတာ”ဟု ၎င်းက​​ပြောသည်။

သေဆုံးမှုအတိအကျကိုမူ မဇ္ဈိမမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

​တောင်ကုတ်ဘက်သွားသည့် သံတွဲ-​တောင်ကုတ်ကားလမ်းတ​ကြောရှိ သံတွဲမြို့မှ ၁၈ မိုင်အကွာရှိ ဒေါ်မြရွာ၊​ ရွှေ​လှေရွာ၊ ပုရစ်ရွာနှင့် ရေ​ကောက်​ကျေးရွာတို့တွင် ဧပြီလ ၂၂ ရက်မှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ယမန်​နေ့​နှင့် ယ​နေ့တွင်တိုက်ပွဲအရှိန် ပိုမိုပြင်းထန်​နေ​ကြောင်းသိရသည်။ ယင်းသံတွဲမြို့နယ်တွင် စစ်​ကောင်စီတပ်မှ ကြည်း၊​ ရေ၊​ လေ မှ တိုက်ခိုက်​နေခြင်းဖြစ်​ကြောင်းသိရသည်။

အဆိုပါထိစပ်​နေ​သော ရွာ​​ပေါင်း ​လေးရွာမှ ​ဒေသခံ ဦး​ရေ ၄၀၀ ဝန်းကျင်မှာ ​ဘေးလွတ်ရာနီးစပ်သည့်​ကျေးရွာများသို့ ထွက်​ပြေးတိမ်း​ရှောင်​နေရ​ကြောင်းသိရသည်။

ယင်း သံတွဲမြို့တွင် ထိ​တွေ့တိုက်ပွဲမဖြစ်မီ ပြီးခဲ့သည့် ​ဖေ​​ဖော်ဝါရီလနှင့်မတ်လတို့တွင် အတင်းအကျပ်စစ်မှုထမ်း​စေရန် အရပ်သားအများစုကို ခေါ်​ဆောင်ခဲ့ပြီး ခလရ(၅၅)တပ်မှ စစ်သင်တန်း​ပေးခဲ့​ကြောင်း ​ဒေသခံများထံသိရသည်။

​ရခိုင်ပြည်နယ်​မြောက်ပိုင်းရှိ မောင်​​တောနှင့် ဘူးသီး​တောင်မြို့များတွင်လည်း တိုက်ပွဲများဖြစ်ပွား​နေသည်ဟု သတင်းများထွက်ရှိ​နေ​သော်လည်း မဇ္စျိမဘက်မှ ဆက်သွယ်​နေရာ ဖုန်းလိုင်းအခက်အခဲ​ကြောင့် ဒေသခံများနှင့်ချိတ်ဆက်မရ​သေး​ပေ။

အာရက္ခတပ်​တော်(AA)မှ မြို့ကိုးမြို့ သိမ်းပိုက်ထားနိုင်ပြီး ရခိုင်တောင်ဘက်ပိုင်းရှိ အမ်းမြို့နှင့်သံတွဲတို့တွင် ထိုးစစ်အရှိန် စိမ့်ဝင်ထိုး​ဖောက်​နေပြီဖြစ်သည်။

ရခိုင်​​ပြည်နယ် တောင်ပိုင်းတွင် တောင်ကုတ်၊ သံတွဲ၊ ​ကျောက်ဖြူ၊ အမ်းတို့၌ စစ်​ကောင်စီ၏ စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ်(စကခ – ၅) လက်အောက်ခံ ​ခြေမြန်တပ်ရင်း ၁၀ ရင်းနှင့် နပခ လက်အောက်ခံ ​ခြေလျင်တပ်ရင်းများအပါ အဝင် တပ်ရင်းစုစုပေါင်း ၁၂ ရင်း ရှိ​သည်။

စာတည်း – သန့်ဇော်(သန်လျင်)