စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် အရေးပါနေသော စစ်ဒေသများ

(ဓားရိုင်း)

စစ်အာဏာရှင်စနစ်တော်လှန်ရေး သုံးနှစ်ကျော်ကာလရောက်လာချိန်မှာ တော်လှန်ရေးအင်အားစုတွေဘက်က နယ်မြေစိုးမိုးနိုင်မှုနဲ့ စစ်ရေးအားသာမှုတွေ ရရှိလာနေပြီဖြစ်ပါတယ်။ မေလ ၂၀ ရက်အထိ မြို့ပေါင်း ၅၈ မြို့အထိ သိမ်းပိုက်ထားနိုင်ခဲ့ပြီး နောက်ထပ်ရရှိမယ့်မြို့တွေလည်းရှိနေခဲ့တာဖြစ်ပါတယ်။ ဒီလိုစစ်ရေးအားသာမှုတွေရလာ ပြီး မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲလာနိုင်ခဲ့ရာမှာ ဝါရင့်တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ဦးဆောင်မှုနဲ့ အကူအညီတွေဟာ အဓိကကျခဲ့တာဖြစ်ပါတယ်။

ဒါကိုမေ့ထားလို့မရသလို လက်ရှိဖြစ်ပေါ်လာတဲ့ စစ်ရေးနဲ့ နိုင်ငံရေး ရောစပ်နေတဲ့ အခင်းအကျင်းတွေမှာလည်း အမှားခံလို့မရပါဘူး။ ပုပ်သိုးနေတဲ့နိုင်ငံရေးအတွေးအခေါ်နဲ့ စစ်တပ်ရဲ့လှည့်ကွက်အတွင်း အကြိမ်ကြိမ် အခါခါ ကျဖူးပြီး အမှတ်မရှိသူတွေရဲ့အတွေးအခေါ်တွေကြား အထင် အမြင်လွဲမှားမှုတွေဟာ တော်လှန်ရေးကို ထိခိုက် သွား စေနိုင်လို့ပဲဖြစ်ပါတယ်။ လက်ရှိ စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ တိုင်းရင်းသား ဒေသတွေ ဖြစ်တဲ့ ကချင်၊ ချင်း၊ ရခိုင်၊ ကရင်နီ၊ ကရင်၊ မွန်နဲ့ ရှမ်းပြည်နယ် တို့ဟာ တော်လှန်ရေးဒေသတွေထဲမှာ အရေးကြီးဆုံး နေရာတွေဖြစ်ပါတယ်။

အဲဒီဒေသတွေထဲက ရခိုင်ပြည်နယ်မှာဆိုရင် အာရက္ခတပ်တော်က ပြည်နယ်တခုလုံးနီးပါး သိမ်းပိုက်နိုင် တော့မယ့် အခင်းအကျင်းမျိုးကိုရောက်နေခဲ့ပြီဖြစ်ပါ တယ်။ ဒီအခင်းအကျင်းကိုဖျက်ဖို့အတွက် စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီဘက်က သူတို့ကျွမ်းကျင်တဲ့ လူမျိုးရေး ဝါဒမှိုင်းတွေတိုက်နေခဲ့တာတွေ့ရပါတယ်။ လက်ရှိ ရခိုင် ပြည်နယ်ရဲ့ အခြေအနေဟာ စစ်ရေးနဲ့ နိုင်ငံရေး ရောထွေး နေပြီး ထိလွယ်ရှလွယ်တဲ့အနေအထား ကိုရောက် နေတာဖြစ်ပါတယ်။

အဲဒါကြောင့် စစ်အာဏာရှင်တော်လှန်ရေး မဟာမိတ်တွေကြား အထင်အမြင် လွဲမှားမှုတွေ အဖြစ်ခံလို့မရပါဘူး။ စစ်ပွဲကာလမှာ ရန်သူနဲ့ပူးပေါင်းတဲ့ ဘယ်လို လူမျိုးကိုမဆို ဘယ်လိုအဖွဲ့အစည်းမျိုးကမှ ခွင့်လွှတ်မှာမဟုတ်ပါဘူး။ ဒီမိုကရေစီကို တန်ဖိုးထားပါတယ်ဆိုတဲ့ အမေရိကန်လို နိုင်ငံကြီးတောင် အာဖဂန်စစ်ပွဲမှာ ရှင်းလင်းပစ်ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ကမ္ဘာကသိထားခဲ့ပြီးဖြစ်ပါတယ်။အခုလို စစ်ရေးနဲ့

နိုင်ငံရေး ရောထွေး နေတဲ့ကာလမျိုးမှာ စစ်အာဏာရှင်တော်လှန်ရေး မဟာမိတ်အချင်းချင်း ကြားမှာ အပြန်အလှန်ယုံကြည်ချက် ရှိဖို့ကသာ အရေးကြီး နေတာဖြစ်ပါတယ်။

လက်ရှိမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက်တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေထဲမှာ အာရက္ခတပ်တော်ဟာ ရခိုင်ပြည်နယ်လွတ်မြောက်ရေးအတွက်သာမက နေရာစုံနီးပါးမှာပါ တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆင်နွှဲနေခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဘူးသီးတောင်ကို ထပ်မံထိန်းချုပ် နိုင်ခဲ့ပြီးနောက် အာရက္ခတပ်တော်နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေဟာ မကြာခင်ကာလမှာ အဖြေထွက်လာတော့ မယ့်အဆင့်မျိုးကို ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်၊ ဧပြီနဲ့ မေလဆန်းပိုင်းမှာ ဘူးသီးတောင်၊ မောင်တော၊ အမ်းနဲ့ သံတွဲ စစ်မျက်နှာလေးခုကို အာရက္ခတပ်တော်က စစ်ရှိန်မြှင့်တိုက်ခိုက်နေခဲ့တာဖြစ်ပြီး မောင်တော၊ အမ်းနဲ့ သံတွဲမြို့တို့ကို တဖြည်းဖြည်း ဝိုင်းပတ်ပိတ်ဆို့လာနေခဲ့ပြီဖြစ်ပါတယ်။

တချိန်တည်းမှာ ၂၀၂၄ ခုနှစ်၊ မတ်လဆန်း ကပြုလုပ်တဲ့ ကချင်ပြည်နယ် စစ်ဆင်ရေးမှာလည်း အာရက္ခတပ်တော် တပ်ဖွဲ့တချို့ဟာ KIA နဲ့ ပူးတွဲတိုက်ပွဲဝင်ခဲ့ တာဖြစ်ပါတယ်။ ဒါ့အပြင် ချင်းပြည်နယ်၊ ကျင်ဒွေးမြို့မှာ ချင်းညီနောင် တပ်ဖွဲ့တွေနဲ့ လက်တွဲပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တာကိုလည်း တွေ့ရပါတယ်။ မြန်မာပြည်အလယ်ပိုင်းနဲ့ ရှမ်းမြောက် တိုက်ပွဲတွေမှာလည်း ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

အာရက္ခတပ်တော်ဟာ ပလက်ဝ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံမြို့တွေကို သိမ်းပိုက်ပြီး နောက် မတ်လထဲမှာ ပုဏ္ဏားကျွန်းအခြေစိုက် တပ်ရင်းဌာန ချုပ်တခု၊ ကမ်းနီအခြေစိုက် တိုင်းဗဟို လေ့ကျင့်ရေး သင်တန်းကျောင်း၊ ရသေ့တောင်အခြေစိုက် တပ်ရင်းဌာနချုပ် သုံးခုကို ထပ်မံတိုက်ခိုက်သိမ်းပိုက်နိုင် ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်၊ ဧပြီလနဲ့ မေလဆန်းမှာ မောင်တောဒေသက ကြိမ်ချောင်း၊ ကျီးကန်းပြင်၊ လှဖိုး ခေါင်၊ ၆ မိုင်စခန်း စတဲ့ အင်အားရာချီရှိတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းကြီးတွေကို သိမ်းပိုက်နိုင်ခဲ့သလို အင်းဒင် စခန်းက နယ်ခြား စောင့်ရဲ တွေကိုလည်း မောင်းထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမောင်တောမှာ မြို့သူကြီး၊ လေးမိုင် စတဲ့ နယ်ခြားစောင့် ရဲစခန်းကြီး နှစ်ခု၊ သုံးခုသာ ကျန်တော့တာဖြစ်ပါတယ်။

ဒါ့အပြင် အာရက္ခတပ်တော် ဟာ မတ်လဆန်း ကမ်းနီတိုက်ပွဲပြီးနောက် အမ်းမြို့က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)ကို ဆက်လက်ထိုး စစ်ဆင်တိုက်ခိုက်နေပြီး အရေးပါတဲ့စခန်းတချို့ကို သိမ်းပိုက်ထား နိုင်ခဲ့ပါတယ်။ ဒါ့အပြင် မင်းဘူး-ပဒါန်း-အမ်း ကားလမ်းကိုလည်းထိန်းချုပ်ထားပြီး သံတွဲနဲ့ တောင်ကုတ်ကြားကိုပါ ထိန်းချုပ်နိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်၊ မတ်လဆန်းပိုင်းကစတင်ခဲ့တဲ့ ကချင်ပြည်နယ်ထိုးစစ်မှာဆိုရင်လည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ ပူးပေါင်းတပ်တွေဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ ကချင်မြို့ကြီးတွေကို မြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့နီးကပ် လာတာတွေ့နေရတာပါ။

ဗန်းမော်၊ မြစ်ကြီးနား ကားလမ်းပေါ်က ရွှေညောင်ပင်နဲ့ မိုးမောက်ကြားမှာရှိတဲ့ မြို့သစ်၊ ကုန်းလော၊ နားလုံ၊ ဒေါ့ဖုန်းယန်၊ နန်ဆန်ယန်တို့ကို KIA ကထိန်းချုပ်ထားပြီး မဒက်ယန်၊ ကိုက်ထိပ်၊ မန်ဝိန်းကြီး စခန်းတွေကိုလည်း တိုက်ခိုက်သိမ်းပိုက်ထားခဲ့တာဖြစ်ပါတယ်။ စိန်လုံကဘာ၊ ယောယုံ၊ လွယ်ဂျယ်တို့ကိုလည်း သိမ်းပိုက်ထားပြီး လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် ဗန်းမော် ဒေသမှာ ဗန်းမော်၊ မံစီနဲ့ မိုးမောက် တခြမ်းသာကျန်တော့တာဖြစ်ပါတယ်။ အဲဒီထဲက မံစီနဲ့ မိုးမောက်ကိုထိန်းချုပ် ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဗန်းမော်နဲ့ မြစ်ကြီးနားကြားက ဧရာဝတီမြစ်ကြောင်းကိုလည်း ထိန်းချုပ်ထားပြီး ဖားကန့် အနောက်တောင်ဘက် ဥရုမြစ်တကြောက တာမခန်၊ ဆယ်ဇင်းတို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်ကာ ဖားကန့်ကို ဝိုင်းပတ်ပိတ်ဆို့ထားလိုက်တာ တွေ့ရပါတယ်။ ဒါ့အပြင် တနိုင်းဒေသက စခန်းတချို့ကို သိမ်းပိုက်ပြီး ပယင်းနဲ့ ရွှေလုပ်ကွက်တွေရှိတဲ့ ဒေသကိုလည်း ပြန်လည်ထိန်းချုပ်ထားနိုင် ခဲ့တာတွေ့ရပါတယ်။

အဲဒါအပြင် ၂၀၂၄ ခုနှစ်၊ မေလ ၅ ရက်မှာ ဆွမ်ပရာဘွမ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး မြစ်ကြီးနား-ပူတာအိုလမ်းကို ဖြတ်တောက်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ချီဖွေနဲ့ ဆော့လော်ဒေသက စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် (BGF) စခန်းငယ်တွေကိုလည်း သိမ်းပိုက်ထားခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် KIA နဲ့ ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ဟာ ဝိုင်းမော်မြို့ကိုထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး မတ်လ ၇ ရက်က စတင်ခဲ့တဲ့ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီရဲ့တပ်စခန်းကြီးငယ် ၁၀၀ ကျော်ကို သိမ်းပိုက်ထား နိုင်ခဲ့တာဖြစ်ပါတယ်။

ကျန်တိုင်းရင်းသားပြည်နယ်စစ်ဒေသတွေဖြစ်တဲ့ ချင်း၊ ကရင်နီ၊ ကရင်၊ မွန်နဲ့ ရှမ်းပြည်နယ်တို့မှာလည်း အဆုံး အဖြတ်ကာလတစ်ခုကို တဖြည်းဖြည်းဦးတည်လာနေခဲ့တာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်၊ ဧပြီလကုန်ပိုင်းမှာ အာရ က္ခတပ်တော်က ချင်းဒေသမှာပါ အင်အားဖြည့်တင်းလာပြီးနောက် စစ်ရေးအပြောင်းအလဲတွေတဖြည်းဖြည်းတိုး တက်လာနေခဲ့တာဖြစ်ပါတယ်။

ရခိုင်၊ ချင်း၊ ယောဒေသတို့ကို အခြေခံဒေသတခုအဖြစ်တည်ဆောက်ထားနိုင်ခဲ့တာ တွေ့ရပါတယ်။ မေလ ၁၉ ရက်နဲ့ ၂၁ ရက်မှာ ချင်းပူးပေါင်းတပ်တွေက ကျီခါးမြို့နဲ့ တွန်းဇံမြို့တို့ကိုသိမ်းပိုက်နိုင်ခဲ့ ပြီးနောက် ချင်းပြည်နယ်မှာ ချင်းပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့မြို့၁၀ မြို့အထိရှိလာပြီး အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ ပလက်ဝမြို့နဲ့ ဆမီးမြို့ပါထည့်တွက်ရင် ၁၂ မြို့အထိရှိလာခဲ့ပြီဖြစ်ပါတယ်။

ကရင်နီဒေသမှာဆို ရင်လည်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတော၊ မော်ချီး၊ မိုးဗြဲ၊ နန်းမယ်ခုံ မြို့ ခုနစ်မြို့ကို သိမ်းပိုက်ထားပြီး လွိုင်ကော်မြို့တဝက်ကို ထိန်းချုပ်ထားနိုင်ခဲ့တာြဖစ်ပါတယ်။ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ကရင်နီနယ်မြေ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး စစ်ကောင်စီအုပ်ချုပ်ရေးယန္တယား မလည်ပတ်နိုင်တော့တဲ့အခြေအနေဖြစ်ပါတယ်။ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ၂၀၂၄ ခုနှစ် မတ်လ၊ ဧပြီလနဲ့ မေလတို့မှာ အဓိကတွေ့ရတဲ့ စစ်မျက်နှာတွေကတော့ ဖာပွန် စစ်မျက်နှာ၊ မြဝတီ စစ်မျက်နှာ၊ ရေး-ကြာအင်းဆိပ်ကြီး စစ်မျက်နှာနဲ့ ထားဝယ်စစ်မျက်နှာ လေးခုဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်တွေအပြင် KNU/PDF ပူးပေါင်းဗျူဟာစစ်ကြောင်းတွေ၊ မွန်ပြည်သစ် ပါတီ (စစ်အာဏာ ရှင်တိုက်ဖျက်ရေး) (NMSP-AD) နဲ့ တခြားဒေသခံတပ်ဖွဲ့တွေ ပါဝင်လှုပ်ရှားနေတာဖြစ်ပါတယ်။ အဓိကအနေနဲ့ မြဝတီကိုတက်လာတဲ့ စစ်ကောင်စီရဲ့

အောင်ဇေယျစစ်ကြောင်းနဲ့ ဒေါနတောင်ပေါ်မှာ ထိပ်တိုက် တွေ့နေတဲ့ အခြေအနေဟာ ကရင်စစ်မျက်နှာကို အဓိကအဆုံးအဖြတ်ပေးလာနိုင်တဲ့ အထူးစစ်မျက်နှာတခု အနေနဲ့ ရှိနေတာဖြစ်ပါတယ်။

လက်နက်ကိုင်အဖွဲ့အစည်း အများအပြားရှိနေတဲ့ ရှမ်းစစ်မျက်နှာကတော့ အနည်း ငယ်ငြိမ်သက်နေခဲ့ပါတယ်။ မြောက်ပိုင်းညီနောင်သုံးဖွဲ့ထဲက TNLA နဲ့ MNDAA တို့ စစ်ကောင်စီနဲ့အပစ်ရပ်ပြီး နောက်ပိုင်း အရှိန်ပြန်ကျသွား ခဲ့တာတွေ့ရပါတယ်။ လက်ရှိမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)သာ စစ်ကောင်စီနဲ့ အဓိက ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ရှမ်းပြည် ပြန်လည်ထူ ထောင်ရေးကောင်စီ(RCSS)က လွဲပြီး ကျန်အဖွဲ့အစည်းတွေဟာ စစ်ကောင်စီကိုဆန့်ကျင်ကြောင်း တရားဝင်ကြေ ညာထားခဲ့တာကြောင့် အရေး ပါတဲ့ စစ်မျက်နှာတစ်ခုအဖြစ်ရှိနေပါတယ်။

ဒီအခြေအနေတွေကိုခြုံကြည့်မယ်ဆိုရင် လက်ရှိစစ်ရေးပြင်းထန်နေတဲ့ တိုင်းရင်းသားဒေသတွေဟာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် အများကြီးအရေးပါနေခဲ့တယ်ဆိုတာ သိသာထင်ရှား နေပါတယ်။