ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ပြိုင်မည်ဟု ရီးယဲလ်နဲ့ အန်ဆယ်လော့တီတို့ အတည်ပြု

By PKThawn

ချန်ပီယံလိဂ်ချန်ပီယံတို့ဟာ “ဖိတ်ခေါ်မှုကို ငြင်းပယ်မှာဖြစ်ကြောင်း” ကာလိုအန်ဆယ်လော့တီက အစောပိုင်းမှာ ပြောဆိုထားပေမယ့်လည်း ရီးယ်လ်မက်ဒရစ်နဲ့ အီတလီသားနည်းပြတို့က ကလပ်ဟာ လာမယ့်နှစ် ကလပ်ကမ္ဘာ့ဖလားကို ယှဉ်ပြိုင်မှာဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။

အန်ဆယ်လော့တီရဲ့ မှတ်ချက်ဟာ တနင်္လာနေ့မှာ ထုတ်ဝေခဲ့တဲ့ အီတလီသတင်းစာ Il Giornale နဲ့ အင်တာဗျူးတခုကနေ ထွက်ပေါ်လာခဲ့တာပါ။

ဒါပေမယ့် အသက် ၆၅ နှစ်အရွယ် နည်းပြက သူ့ရဲ့စကားတွေကို “အဓိပ္ပါယ် ကောက်မှားသွားခြင်းသာ”ဖြစ်ကြောင်း ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပါတယ်။

“ရီးယဲလ်မက်ဒရစ်နဲ့အတူ ဆုဖလားကြီးတခုအတွက် ဆက်လက်တိုက်ပွဲဝင်ဖို့ မဟာအခွင့်အရေးကောင်းတခုလို့ ကျနော် ယူဆတဲ့ ပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ကို ငြင်းပယ်ဖို့ထက် ကျနော့်ရဲ့စိတ်ဝင်စားမှုကလွဲပြီး နောက်ထပ်ဘာမှ ရှိမနေပါဘူး။”လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ရီးယဲလ်ဟာ ၂၀၂၅ ဇွန်လ ၁၅ ရက်ကနေ ၁၃ ရက်အထိ အမေရိကန်မှာ ကျင်းပမယ့် ၃၂ သင်း ဖီဖာပြိုင်ပွဲအတွက် ဝင်ခွင့်ရထားတဲ့ ဥရောပအသင်း ၁၂ သင်းအနက်မှ တသင်းဖြစ်ပါတယ်။

လာလီဂါချန်ပီယံတို့က ”လာမယ့် ၂၀၂၄-၂၅ ဘောလုံးရာသီမှာ FIFA က ကြီးမှုးကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကျုပ်တို့ရဲ့ ပါဝင်ပတ်သက်မှုနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာ အချိန်ရှိမနေကြောင်း ရီးယဲမက်ဒရစ်အနေနဲ့ ထုတ်ပြန်လိုပါတယ်။

“ဒါကြောင့် ကျနော်တို့အသင်းအနေနဲ့ စီစဉ်ထားတဲ့အတိုင်း ဒီတရားဝင်ပြိုင်ပွဲမှာ ပါဝင်မှာဖြစ်တယ်။ ကျနော်တို့အနေနဲ့ ဂုဏ်ယူပြီး ပြိုင်ပွဲမှာ ပါဝင်ရမှာမို့ စိတ်လှုပ်ရှားနေပါတယ်။ ကျနော်တို့တွေဟာ နောက်ထပ် ဖလားတလုံးဆွတ်ခူးပြီး ကမ္ဘာတဝှမ်းက သန်းနဲ့ချီတဲ့ ပရိသတ်တွေကို နောက်တဖန် လှုံဆောင်ပေးမှာပါ။”လို့ ကြေညာချက်မှာ ပြောပါတယ်။

အန်ဆယ်လော့တီက “ဘောလုံးသမားတွေနဲ့ ကလပ်တွေက အဲဒီပြိုင်ပွဲမှာ ကစားမှာ မဟုတ်ဘူး။ ဒီတော့ ဖီဖာက ဒါကို မေ့ပစ်လို့ရပါတယ်”လို့ Il Giornale နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

“ရီးယဲလ်မက်ဒရစ်ရဲ့ တပွဲတည်းကတောင် ယူရိုသန်း ၂၀ တန်တယ်လေ။ ဖီဖာက ဖလားပြိုင်ပွဲတခုလုံး ကစားမှ ဒီပမာဏကို ကျနော်တို့တွေကို ပေးချင်နေကြတယ်။ ဒီတော့ ကစားဖို့ မရှိပါဘူး၊ ကျနော်တို့လိုပဲ တခြားအသင်းတွေက ဖိတ်ခေါ်မှုကို ငြင်းပယ်မှာပါ”လို့ အီတလီသားနည်းပြကြီးက ပြောပါတယ်။

အသင်း ၃၂ သင်းအထိ ပါဝင်မယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမယ့်နွေရာသီမှာ ကျင်းပဖို့ အဆိုပြုထားတာပါ။ ဒါဟာ ကစားသမားတွေအတွက် ပွဲစဉ်ကျပ်နေပြီးဖြစ်တဲ့ ဘောလုံပြက္ခဒိန်ကို ထပ်ပြီးဖြည့်ထည့်နေတာဖြစ်ပါတယ်။

Ref; AFP, BBC