ရည်မှန်းချက်တွေနဲ့ နောက်ထပ် အောင်မြင်မှုတွေအတွက် ဆက်လက်ကြိုးပမ်းသွားဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ အလွန်ဆို

Photo:EPA

By PKThawn

တနင်္ဂနွေနေ့မှာ အသင်းရဲ့ ပထမဆုံးအကြိမ်အဖြစ် လိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် လေဗာကူဆင်အသင်းနည်းပြ ဇာဘီအလွန်ဆိုက ရှုံးပွဲမရှိသေးတဲ့ သူ့အသင်းဟာ ဒီရာသီမှာ ဖလားသုံးလုံးရယူနိုင်ဖွယ်ရာ ရှိနေမှုနဲ့အတူ “မပြီးဆုံးသေး”ကြောင်း ပြောပါတယ်။

လေဗာကူဆင်က အိမ်ကွင်းမှာ ဝါဒါဘရီမင်ကို ဖလိုရီယန် ဝါ့ဇ်ရဲ့ ဒုတိယပိုင်း ဟက်ထရစ်သွင်းဂိုးအပါအဝင် ၅-၀ ဂိုးပြတ်နဲ့ အနိုင်ရပြီး သူတို့ရဲ့ နှစ် ၁၂၀ သက်တမ်းတလျှောက် ပထမဆုံး ဘွန်ဒက်လီဂါအမှတ်ပေးချန်ပီယံဖလားကို ကိုင်မြှောက်နိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီ အလယ်လောက်က လေဗာကူဆင်ကို ပြောင်းရွှေ့လာခဲ့ပြီး ဒီရာသီမှာ ပထမဆုံးရာသီအပြည့် ကိုင်တွယ်ခွင့်ရခဲ့သူ အလွန်ဆိုက သူ့အသင်းရဲ့ အလားအလာဟာ အကန့်အသတ်မရှိဘဲ ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို အောင်မြင်နိုင်စွမ်းရှိတယ်လို့ သတင်းထောက်တွေကို ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

လေဗာကူဆင်ဟာ ဒီရာသီမှာ ၄၃ ပွဲကစားပြီးချိန် ရှုံးပွဲတပွဲမှ မရှိသေးတာပါ။

သတင်းစာရှင်းလင်းပွဲအတွင်း ကစားသမားတွေက သူ့ကို အံ့အားသင့်စေပြီးနောက် ဘီယာစိုရွှဲနေတဲ့ အသက် ၄၂ ရှိ မန်နေဂျာက “ဒါက မပြီးပြတ်သေးပါဘူး”လို့ လူတိုင်းကို သတိပေးခဲ့ပါတယ်။

“ကျနော်တို့တွေ ဘယ်လောက်ဝေးဝေးသွားနိုင်မလဲဆိုတာ မြင်တွေ့ရမှာပါ။ ဒါနဲ့ပတ်သက်လို့ ကျနော့်မှာ ခံစားချက် ကောင်းရှိတယ်။”

ဒီနိုင်ပွဲကြောင့် လေဗာကူဆင်က ဘိုင်ယန်မြူးနစ်ကို လက်ကျန် ၅ ပွဲနဲ့အတူ ၁၆ မှတ်ဖြတ်ချထားနိုင်ခဲ့တာပါ။

သူတို့ရဲ့ စုစုပေါင်း ရမှတ် ၇၉ မှတ်ဟာ ဂျာမန်ဘောလုံးသမိုင်းမှာ ၂၉ ပွဲကစားအပြီး အကောင်းဆုံးဖြစ်ပါတယ်။

လေဗာကူဆင်ဟာ ဂျာမန်ဖလားဖိုင်နယ်ကို တက်ရောက်ထားပြီး ဝက်စ်ဟမ်းအသင်းနဲ့ ကြာသပတေးနေ့ရဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မတိုင်ခင် ပထမအကျော့မှာ ၂-၀ နဲ့ ဦးဆောင်ထားပါတယ်။

“ဒါက မပြီးဆုံးသေးပါဘူး၊ ကျနော်တို့မှာ အောင်မြင်မှုရလိုသေးတဲ့ ကြီးကျယ်ခမ်းနားတဲ့ ပန်းတိုင်တွေ ရှိပါတယ်။ ဒါပေမယ့် အင်္ဂါနေ့ကျမှ အဲဒါကို တွေးကြည့်လို့ ရပါတယ်။

“ဒီနေ့နဲ့ မနက်ဖြန်မှာ ကျနော်တို့ အောင်ပွဲခံရပါမယ်။”

လီဗာပူးလ်နဲ့ ဘိုင်ယန်မြူးနစ်တို့က စိတ်ဝင်စားနေသည့်တိုင်အောင် အလွန်ဆိုဟာ လေဗာကူဆင်မှာ နောက်ထပ်တနှစ်ဆက်နေဖို့  မတ်လနှောင်းပိုင်းက ကတိပြုခဲ့ပါတယ်။

လီဗာပူးလ်၊ ဘိုင်ယန်နဲ့ ရီးယဲလ်မက်ဒရစ်တို့မှာ တောက်ပခဲ့တဲ့ ကစားသမားဘဝအပြီး အနားယူးခဲ့တဲ့ အလွန်ဆိုက သူ့ရဲ့ အတွေ့အကြုံဟာ ကစားသမားတွေနဲ့ လက်တွဲလုပ်ကိုင်ရာမှာ အားသာချက်တခုဖြစ်ကြောင်း ပြောပါတယ်။

“ကျနော်က ကစားသမားတွေ အနီးမှာ ရှိနေချင်တယ်၊ သူတို့နဲ့ စကားပြောချင်တယ်၊ ဘောလုံးကစားခဲ့တဲ့သူတယောက်အနေနဲ့ သူတို့ဘာတွေခံစားနေရသလဲဆိုတာကို သိပါတယ်။

“ကျနော်ဟာ နားလည်ခံစားပြီး ကစားသမားတွေနဲ့ ချိတ်ဆက်မှုရှိတယ်။ ဒါက အဝတ်လဲခန်းမှာ အရေးကြီးတဲ့အရာပါ။ ဒီချိတ်ဆက်မှုကို အသင်းနဲ့အတူ ဆက်ထိန်းထားဖို့ ကျနော် ကြိုးစားနေပါတယ်”

လေဗာကူဆင်ဟာ ဒုတိယနေရာကို ၅ ကြိမ်နဲ့ ရပ်တည်ခဲ့ဖူးပေမယ့် ဂျာမန်အမှတ်ပေးချန်ပီယံကို တကြိမ်မှ ထိုးဖောက် ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။

အလွန်ဆုက “ဒီဆုဖလားက လူတွေအများကြီးနဲ့ သက်ဆိုင်ပြီး ဒါကို ကျနော်တို့ ပျော်ရွှင်ရမှာပါ”လို့ ပြောပါတယ်။

လေဗာကူဆင်ရဲ့ အောင်မြင်မှုဟာ ဘိုင်ယန်မြူးနစ်ရဲ့ ၁၁ နှစ်ကြာ အုပ်စိုးထားမှုကို ချိုးဖျက်ခဲ့တာဖြစ်ပါတယ်။

“တခြားအသင်းတွေ အောင်မြင်မှုရတာက ဘွန်ဒက်လီဂါနဲ့ ဂျာမန်ဘောလုံးတွေအတွက် ကောင်းမွန်တဲ့ အကျိုးပြုမှု ဖြစ်ကောင်းဖြစ်နိုင်သလို ကျနော်တို့ဟာ အောင်နိုင်သူတွေဖြစ်နေလို့လည်း အရမ်းကို ကျေနပ်အားရမိပါတယ်”လို့ အလွန်ဆိုက ပြောဆိုသွားပါတယ်။

Ref; AFP