မြင်းခြံတွင် ဆင်မင်းစစ်ဆင်ရေးအဖြစ် စစ်ကောင်စီစခန်း ၄ ခုကို တိုက်ခိုက်၊ ၂၀ ခန့် သေဆုံးဟုဆို

ဓာတ်ပုံ- ကြည်ရွာစခန်းသိမ်းတိုက်ပွဲမှ ဖမ်းမိခဲ့သည့် ပျူစောထီးအချို့နှင့် လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - MGN Tiger

ဓာတ်ပုံ- ကြည်ရွာစခန်းသိမ်းတိုက်ပွဲမှ ဖမ်းမိခဲ့သည့် ပျူစောထီးအချို့နှင့် လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – MGN Tiger

002

(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ဆင်မင်းစစ်ဆင်ရေးအဖြစ် စစ်ကောင်စီစခန်းလေးခုကို တိုက်ခိုက်ခဲ့သည်ဟု မြင်းခြံခရိုင်တပ်ရင်း(၂) (MGN Tiger)က ဧပြီ ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်။

ဆင်မင်းစစ်ဆင်ရေးကို ဧပြီ ၂၀ ရက်နေ့တွင်စတင်ခဲ့ပြီး မြင်းခြံမြို့နယ်အတွင်းရှိ ကြည်ရွာ၊ ခမရ(၁၅)၊ ဆီမီးခုံ‌ဆိပ်ကမ်းနှင့် ဆီမီးခုံမြို့ပေါ်ရှိ စစ်ကောင်စီစခန်းများကို တပြိုင်တည်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု MGN Tiger က ဆိုသည်။

ကြည်ရွာတွင် စစ်ကောင်စီနှင့်ပျူစောထီး ပူးပေါင်းအင်အား ၆၀ ဝန်းကျင်ရှိပြီး အဆိုပါကျေးရွာကို ကနဦး တိုက်ခိုက်ခဲ့ရာ သုံးနာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စခန်းကိုအပြီးသတ်သိမ်းပိုက်နိုင်ခဲ့‌ကြောင်း၊ စစ်ကောင်စီ တပ်သားနှင့် ပျု ၁၅ ဦးခန့်သေဆုံးကာ သုံ့ပန်းအချို့နှင့် လက်နက်ခဲယမ်းအချို့ရရှိခဲ့သည်ဟု MGN Tiger က ‌ပြောသည်။

တိုက်ပွဲတွင် ၆၀ မမ တလက် ၊ ၆၀ မမ ဗုံးသီးကိုးလုံး၊ MA 3 နှစ်လက်၊ ကျည် ၁၂၅ တောင့် ရရှိခဲ့ပြီး မြင်းခြံ ခရိုင် တပ်ရင်း(၂)မှ ရဲဘော်အာကာမင်းကျဆုံးခဲ့ကာ လေးဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။

ဓာတ်ပုံ- ကြည်ရွာစခန်းသိမ်းတိုက်ပွဲမှ ဖမ်းမိခဲ့သည့် ပျူစောထီးအချို့နှင့် လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - MGN Tiger

ကြည်ရွာမှာ မြင်းခြံမြို့၏‌မြောက်ဘက် ဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိပြီး စစ်ကောင်စီဘက်က ဆီမီးခုံ ရေနက်ဆိပ်ကမ်းမှ စစ်ကူများရောက်လာ၍ ဆုတ်ခွာခဲ့ရသည်ဟု MGN Tiger က ‌ပြောသည်။

ထို့ပြင် မြင်းခြံမြို့နယ်အခြေစိုက် ခမရ(၁၅)ကို ၁၀၇ မမ ရှော့တိုက်ဒုံးနှစ်လုံးဖြင့် ပစ်ခတ်ခဲ့ရာ ဂိတ်ကင်းတဲ ကိုထိမှန်ကာ စစ်ကောင်စီတပ်သားလေးဦး သေဆုံးကြောင်း MGN Tiger က ဆိုသည်။

အလားတူ မြင်းခြံမြို့နယ် ဆီမီးခုံဆိပ်ကမ်းရှိ စစ်ကောင်စီသင်္ဘောနှစ်စီးနှင့် ရုံးအဆောက်အဦးတို့ကို ရှော့ တိုက်ဒုံးဖြင့်ပစ်ခတ်ခဲ့ပြီး ဆီမီးခုံမြို့ပေါ်ရှိ စစ်ကောင်စီအခြေပြုနေရာများကို ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ ကြောင်း မြင်းခြံခရိုင်တပ်ရင်း (၂)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ဆင်ရေးကို မြင်းခြံခရိုင် အမှတ်(၂)တပ်ရင်း၊ အမှတ်(၃)တပ်ရင်း၊ Burmese Guerrilla Force ၊ အမှတ် (၁၈၄၈)ဒရုန်းတပ်ဖွဲ့၊ CDSOM 001 ဒရုန်းတပ်ဖွဲ့၊ MP 9 ၊ မိုင်းဇာနည် ၊ Myingyan Danger Dynamite အဖွဲ့တို့ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ