ဆားလင်းကြီးတွင် လေကြောင်းအန္တရာယ် အသိပညာပေး ဟောပြောပွဲ ပြုလုပ်

လွှမ်းမိုး

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ် ကျေးရွာတရွာတွင် လေကြောင်းအန္တရာယ် အသိပညာပေးဟောပြောပွဲကို ဧပြီ ၂၃ ရက် နံနက်ပိုင်း အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း လက်ပံတောင်းတောင် ပင်မသပိတ် ကော်မတီထံမှ သိရသည်။

“စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေစဉ်နဲ့အမျှ ပြည်သူတွေ သေဆုံးနေကြတာ ရှိပါတယ်။ ဒီအန္တရာယ်တွေကနေ အသက်ဆုံးရှုံးမှုတွေ နည်းအောင်ရည်ရွယ်ပြီး ဟောပြောပွဲတွေ လုပ်နေတာ ဖြစ်တယ်” ဟု မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် မချောစုဟန်က ဆိုသည်။

ဟောပြောပွဲကို မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ နှင့် လက်ပံတောင်းတောင် ပင်မသပိတ်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ကျောင်းနေအရွယ် ကလေးငယ်များ နှင့် ဒေသခံ ပြည်သူ ၃၀၀ ကျော် ဟောပြောပွဲတွင် ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

“လေကြောင်းတိုက်ခိုက်မှုကို နဖူးတွေ့ ဒူးတွေ့ မကြုံဖူးတဲ့ သူတွေကတော့ မကြောက်ကြဘူးလေ။ ဗုံးတွေရဲ့ ပေါက်ကွဲအား ဘယ်လောက်ရှိတယ် ဆိုတာ မသိကြဘူး။ အဲဒီလို မသိတဲ့ အကြောင်းကြောင့် ထိခိုက်သေဆုံးမှုတွေ ပိုများရတာလည်း ပါမယ် ထင်တယ်။ အခုလို ဟောပြောပွဲတွေ လုပ်ပေးတော့ ပြည်သူတွေအတွက် အများကြီး အထောက်အကူ ဖြစ်တယ်” ဟု ဒေသခံ ပြည်သူ တဦးက ဆိုသည်။

အဆိုပါ ဟောပြောပွဲတွင် လေကြောင်းအန္တရာယ် အသိပညာပေး ဟောပြောပွဲအပြင် သက်ငယ်မုဒိမ်းမှုမဖြစ်ပွားစေရေးအတွက် ရှောင်ရန်ဆောင်ရန်များကိုလည်း ထည့်သွင်းဟောပြောခဲ့ကြောင်း လက်ပံတောင်းတောင် ပင်မသပိတ်ထံမှ သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)