မြင်းခြံတွင် စကစတပ်စစ်ကြောင်း တိုက်ခိုက်ခံရ၊ ၇ ဦး သေဆုံးဟုဆို

ပုံအညွှန်း - Myingyan Black Tiger အဖွဲ့ ဝင်များကို တွေ့ ရစဉ်

ပုံအညွှန်း – Myingyan Black Tiger အဖွဲ့ ဝင်များကို တွေ့ ရစဉ်

MTO

(မဇ္ဈိမ) ။ ။ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ကျေးရွာများကို မီးရှို့ပြီး ထွက်လာသော စစ်ကောင်စီတပ် စစ်ကြောင်းကို ဧပြီလ ၂၂ ရက်နေ့တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း Myingyan Black Tiger (MBT) အဖွဲ့ က ယနေ့ (ဧပြီလ ၂၄ ရက်) တွင် ထုတ်ပြန်သည်။ ထိုသေဆုံးမှုပေါ် မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။

တိုက်ခိုက်ခံရသော စစ်ကြောင်းတွင် အင်အား ၈၀ ခန့်ပါပြီး မြို့၏မြောက်ဘက်ခြမ်းရှိ ကိုင်းရွာက လူနေအိမ်များကို မီးရှို့ပြီး စစ်ကြောင်းဆက်ထိုးလာချိန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ‌တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ဒရုန်းနဲ့ စောင့်ကြည့်ပြီး ဒီကောင်တွေလာမယ့် လမ်းကနေဖြတ်ပြီး တိုက် ခိုက်ခဲ့တာပါ။ တိုက်ပွဲက ၂ နာရီလောက်ပြင်းပြင်ထန်ထန်ဖြစ်ခဲ့ပြီး ဒီကောင်တွေဘက်က စစ်ရှုံးပြီးထွက် ပြေးသွားတာ” ဟု Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မဇ္ဈိမကို ပြောသည်။

စစ်ကြောင်းထိုးပြီး တိုက်ပွဲဖြစ်နေချိန်ဖြစ်၍ ကိုင်းရွာတွင် အိမ်ခြေမည်မျှ မီးရှို့ခံခဲ့ရသည်ကို မသိရသေးပါ။

အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် မြင်းခြံမြို့နယ် မြောက်ဘက်ခြမ်းရှိ ကိုင်းရွာအပြင် ဆင်ချောင်း၊ ညောင်တို၊ ရန္တပိုတို့ကိုလည်း ဧပြီလ ၂၁ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဆိုသည်။

ထိုသို့ စစ်ကြောင်းဝင်ရောက် မီးရှို့မှုကြောင့် လက်ရှိ ယင်းကျေးရွာများနေ ဒေသခံ ၁,၀၀၀ ခန့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ခိုက်ခံလိုက်ရသော စစ်ကောင်စီတပ် စစ်ကြောင်းသည် မြို့ခြံမြို့နယ်၏ တိုက်နယ်အဆင့်ရရှိထားသော ဆီးမီးခုံမြို့ဘက်သို့ မော်တော်ယာဉ်ဖြင့် တပ်ဆုတ်သွားကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဆိုသည်။

ယခုတိုက်ခိုက်မှုကို Myingyan Black Tiger အဖွဲ့ နှင့်အတူ ငါးဇွန်မြို့နယ် တပ်ရင်း (၆) တပ်ခွဲ (၁) ဖြစ်သော နောင်ရိုးပြောက်ကျားတပ်ဖွဲ့နှင့် မြွေပွေး ပြောက်ကျားတပ်ဖွဲ့ (LPDF) အဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်