MNDAA၏ သေဒဏ်စီရင်ချက် ဥရောပသမဂ္ဂ ပြစ်တင်ရှုတ်ချ

ဓါတ်ပုံ- The Kokang

ဓါတ်ပုံ- The Kokang

ရွှေနွယ်

(မဇ္စျိမ) ။ ။မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က လူဆယ်ဦးကို သေဒဏ်ချခဲ့ပြီးသုံးဦးကို သေဒဏ်စီရင်လိုက်ကြောင်းသတင်းများပေါ်စိုးရိမ်ကြောင်းနှင့် သေဒဏ်ချသည့် ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ဥရောပသမဂ္ဂက ယနေ့(ဧပြီလ ၂၅ရက်) သတင်းထုတ်ပြန်သည်။

ပြစ်မှုကျူးလွန်ထားသည့် ၎င်းတို့၏ ဒုတိယတပ်ရင်းမှူးအပါအဝင်တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်စုစုပေါင်းဆယ်ဦးအား တရားစီရင်ခဲ့ပြီး သုံးဦးအား သေနတ်ဖြင့် သေဒဏ်စီရင်ခဲ့သည်ဟု MNDAA ယနေ့နံနက်ပိုင်းထုတ်ပြန်ပြီးနောက် ညနေ ၄နာရီခန့်တွင် ဥရောပသမဂ္ဂက အထက်ပါအတိုင်းသတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

သေဒဏ်ချသည့်ဆုံးဖြတ်ချက်ကို ဥရောပသမဂ္ဂက အပြင်းထန်ဆုံးရှုတ်ချပြီး မည်သည့်အခြေအနေမျိုးတွင်မဆို သေဒဏ်ချမှုအား ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသားဆန့်ကျင်ခြင်းကို ထပ်လောင်း အတည်ပြုပါသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

” သေဒဏ်သည် လူမဆန်သည့် ယုတ်ညံ့သောပြစ်ဒဏ်ဖြစ်ပြီး လူ့ဂုဏ်သိက္ခာကို အဆုံးစွန်သော ငြင်းပယ်မှုကိုကိုယ်စားပြုသည်” ဟုဥရောပသမဂ္ဂက ဆိုသည်။

ဒုံရှန်းခရိုင်၏ ခရိုင်ကော်မတီအတွင်းရေးမှူးနှင့် ခရိုင်မှူးဖြစ်သူ “လီ”၊ တပ်ရင်းအမှတ် (၁၉၁) မှ ဒုတပ်ရင်းမှူး ဂေါဝူ (Guo Wu၊) တို့အပါအဝင် တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များ စုစုပေါင်း ဆယ်ဦးသည် အာဏာအလွဲသုံးစားမှု၊ ပြန်ပေးဆွဲမှု၊ လူကုန်ကူးမှု၊ ရည်ရွယ်ချက်ရှိရှိလူသတ်မှု၊ တပ်ဖွဲ့ပိုင် လက်နက်များအား ခိုးယူရောင်းချမှု စသည့် ပြစ်မှုများကျူးလွန်ခဲ့သောကြောင့်ယမန်နေ့ (ဧပြီ ၂၄ ရက်) က လူမြင်ကွင်း၌ တရားစီရင်ခဲ့ပြီး သေဒဏ်ချမှတ်ခံရသူများကိုလည်းဥပဒေနဲ့အညီစီရင်ချက်ချခဲ့ခြင်းဖြစ်ကြောင်း MNDAAက ထုတ်ပြန်ထားသည်။

အဆိုပါ တရားစီရင်ပွဲသို့ မဟာမိတ်တပ်ဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များ၊ ခရိုင်နှင့်မြို့နယ် အစိုးရများမှ ကိုယ်စားလှယ်များ၊ လူထုကိုယ်စားလှယ်များ၊ ကျောင်းသားကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာမှ ကိုယ်စားလှယ်များအပါအဝင် လူပေါင်း ၁၀,၀၀၀ခန့်တက်ရောက်ကာ မဟာမိတ်စစ်ခုံရုံး၏ လက်ထောက်ညွှန်ကြားရေးမှူး ဒုတိယဗိုလ်မှူးကြီး “ရန်” မှ ဦးဆောင်ကျင်းပခဲ့သည်ဟု ဆိုသည်။

သုံးဦးကို သေနတ်ဖြင့်ပစ်၍ သေဒဏ်စီရင်ကာ ကျန် ခုနှစ်ဦးကိုအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်ဟု MNDAAက အသိပေးသည်။ ကိုးကန့်အထူးဒေသအတွင်း အုပ်ချုပ်ရေးကို ထိရောက်စွာပြန်လည်တည်ဆောက်ရန်နှင့် အထူးအုပ်ချုပ်ရေးဒေသ လူ့အဖွဲ့အစည်းတည်ငြိမ်ရေးတို့အတွက်ရာဇ၀တ်မှုအမျိုးအစားအားလုံးကို ပြင်းပြင်းထန်ထန် အပြစ်ပေးခြင်းဖြစ်ကြောင်း MNDAAက ဖော်ပြသည်။ ထို့ပြင် ၎င်းတို့၏ တပ်ဖွဲ့ဝင်များကျူးလွန်သော ရာဇ၀တ်မှုများကိုတရားစီရင်ခြင်း၊ ဥပဒေအခြေခံနှင့် တင်းကျပ်သော စစ်ဘက်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာအခြေခံမူများကို ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်ခြင်းတို့ကိုလည်း လုပ်ဆောင်သွားမည်ဟုဆိုသည်။

ကိုးကန့်ဒေသနှင့်နယ်‌မြေချင်းဆက်စပ်နေသည့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌လည်း ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က လူသတ်မှုကျူးလွန်သူဟုဆိုသူ နှစ်ဦးအား “၀”ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA)၏ တရားရေးဌာနကလူမြင်ကွင်း၌ သေဒဏ်စီရင်ခဲ့ဖူးသည်။

သေဒဏ်စီရင်မှုနှင့်ပတ်သက်၍တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်က” တရုတ်ပြည်မှာတို့ အီရန်တို့မှာတော့ ဒီလိုမျိုးသေဒဏ်ပေးတာကရှိတယ်။ လူမြင်ကွင်းမှာ သေဒဏ်ပေးတာလည်းရှိတယ်။ မြန်မာပြည်မှာတော့ ဂျပန်ခေတ်တုန်းကပဲရှိခဲ့တာ။ တရုတ်ပြည်ဆိုလည်း ကမ္ဘာပေါ်မှာသေဒဏ်အပေးဆုံးတိုင်းပြည်ပဲလေ။ တရုတ်ရဲ့ပုံစံနဲ့ ကွန်မြူနစ်ပုံစံမျိုးသွားနေတာပေါ့။ ဒီခေတ်ကြီးနဲ့တော့ ခေတ်နဲ့တော့မလိုက်တော့ဘူးပေါ့။ လက်ရှိ ကျင့်သုံးနေကြတဲ့တရားစီရင်ရေးနဲ့တော့ ဒါတွေကမဖြစ်သင့်ဘူးပေါ့နော်” ဟု မှတ်ချက်ပြုသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်ဒေသကို MNDAA မှ ပြန်လည်သိမ်းပိုက်ပြီးနောက် ဇန်နဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်သည့် MNDAA စစ်ဦးစီးချုပ်၊မြန်မာနိုင်ငံရှမ်းပြည်နယ်အထူးဒေသ(၁) အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးဖုန်တဲရင်၏ နှစ်သစ်ကူး သဝဏ်လွှာတွင် အထူးဒေသ(၁) ပြန်လည်ထူထောင်ရေးကို ၎င်းတို့၏အခြေခံဥပဒေအတိုင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ကိုးကန့်ဒေသတွင် ခိုးယူလုယက်သူများအား သေဒဏ်ချမှတ်သွားမည်ဖြစ်ကြောင်း MNDAAက ထုတ်ပြန်ခဲ့ဖူးသည်။

ကိုးကန့်ဒေသတွင် ယခင်ကလည်း သေဒဏ်ပေးသည့် စနစ်ရှိခဲ့ဖူးကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။ သို့သော် သတင်းများကျယ်ကျယ်ပြန့်ပြန့် မထွက်ပေါ်ခဲ့ဖူးပေ။ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ကိုးကန့်ဒေသအား MNDAA ပြန်လည်ထိန်းချုပ်ပြီးနောက်တွင် ယခုသေဒဏ်စီရင်မှုသည် ပထမဆုံးအကြိမ်ဖြစ်သည်။

လူသုံးဦးအား လူမြင်ကွင်း၌ သေဒဏ်စီရင်လိုက်ခြင်းနှင့်ပတ်သက်၍ လောက်ကိုင်မြို့တွင်နေထိုင်သူအမျိုးသမီးဦးက ” သိပ်ကို ထိတ်လန့်တုန်လှုပ်စရာကောင်းပါတယ်။ ရင်ထဲလည်း တလှပ်လှပ်နဲ့ နေလို့ထိုင်လို့အဆင်မပြေဘူး” ဟု ဆိုသည်။

ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ MNDAA ပြောခွင့်ရသူ လီကျားဝင်းကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားသော်လည်အဆက်အသွယ် မရရှိသေးပေ။

ဖက်ဒရယ်ဒီမိုကရေစီရရှိရေးမျှော်မှန်းချက်တွင် အဓိကကျသော ကြိုးပမ်းမှုသည် မြင့်မားသောနိုင်ငံတကာစံနှုန်းများနှင့်အညီ တရားဥပဒေစိုးမိုးရေးကိုထိန်းသိမ်းရန် ဖြစ်သင့်ကြောင်း MNDAA သေဒဏ်စီရင်မှု အပေါ် ရှုတ်ချထားသည့် ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်နောက်ဆုံးအပိုဒ်၌ဖော်ပြထားသည်။

စာတည်း – အေးချမ်း