ကမ္ဘာ့ရာသီဥတုရည်မှန်းချက်များရှိသော်ငြား တရုတ်က ၂၀၄၀ တွင် ကျောက်မီးသွေးကို မစွန့်လွှတ်နိုင်

တရုတ်နိုင်ငံ၊ Shandong ပြည်နယ်၊ Heze ရှိ Lilou Coal Mine တွင် 2023 ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ကတွေ့ရသော မိုင်းလုပ်သားများ / ဓါတ်ပုံ − EPA

တရုတ်နိုင်ငံ၊ Shandong ပြည်နယ်၊ Heze ရှိ Lilou Coal Mine တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ကတွေ့ရသော ကျောက်မီးသွေးတွင်းအလုပ်သမားများ / ဓါတ်ပုံ − EPA

Reuters

တရုတ်နိုင်ငံ၏ ကျောက်မီးသွေးသုံးစွဲမှုသည် ၂၀၄၀ ခုနှစ်တွင် သုံးပုံတပုံမျှသာ ကျဆင်းလိမ့်မည်ဖြစ်ကြောင်းနှင့်၂၀၄၀ ခုနှစ်တွင် ကမ္ဘာ့ကျောက်မီးသွေး အများအပြားအသုံးပြုမှုကိုရပ်ဆိုင်းရန် တောင်းဆိုထားသည့် ရာသီဥတုရည်မှန်းချက်များကို ခြိမ်းခြောက်လျက်ရှိကြောင်း ဧပြီ ၂၃ ရက်ကထုတ်ပြန်သော နိုင်ငံတကာစွမ်းအင်အေဂျင်စီ၏ အစီရင်ခံစာက ဆိုသည်။

နိုင်ငံတကာစွမ်းအင်အေဂျင်စီက ပျမ်းမျှကမ္ဘာ့အပူချိန်မြင့်တက်မှု ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ် (၂ ဒသမ ၇ ဒီဂရီဖာရင်ဟိုက်) အတွင်း ရှိနေစေရန် ကမ္ဘာ့ကျောက်မီးသွေးသုံးလျှပ်စစ်စွမ်းအားကို ၂၀၄၀ ခုနှစ်တွင် အဆုံးသတ်ရမည်ဟု ပြောကြားထားသည်။

သို့သော် နော်ဝေးအန္တရာယ်အကဲဖြတ်ရေးကုမ္ပဏီ DNV က ကမ္ဘာပေါ်တွင် အများဆုံးဖြစ်သော တရုတ်နိုင်ငံ၏ ကျောက်မီးသွေး သုံးစွဲမှုသည် လာမည့် နှစ်နှစ်အတွင်း အနည်းငယ်တက်ကာ ၂၀၄၀ ခုနှစ်တွင် သုံးပုံတပုံကျဆင်း၍ ၂၀၅၀ တွင် အများဆုံးရှိခဲ့သည်ပမာဏ၏ ၂၅ ရာခိုင်နှုန်းခန့်သာ ရှိတော့မည်ဟု ၎င်း၏ တွေ့ရှိချက်များ၌  ဖော်ပြထားသည်။

ထိုတွေ့ရှိချက်သည် ရုပ်ကြွင်းလောင်စာများနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ မျှော်မှန်းချက်ကို အလေးပေးဖော်ပြထားသည်။ စက်တင်ဘာလတွင် ရာသီဥတုဆိုင်ရာသံတမန်ဟောင်း ရှီကျန်းဟွာက ရုပ်ကြွင်းလောင်စာစွမ်းအင်ကို လုံးဝဖယ်ရှားခြင်းသည် လက်တွေ့မကျကြောင်း COP28 ရာသီဥတုဆိုင်ရာဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်မျိုးဆက်သစ်များ အရှိန်အဟုန်မြင့်လာနေသော်လည်း တရုတ်သည် ကျောက်မီးသွေးကို ဆက်လက်အသုံးပြုနေမည်ဖြစ်ပြီး ယင်းသည် ၂၀၅၀ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းပေါင်းစုံ၏ ၈၈ ရာခိုင်နှုန်းရှိလာမည်ဟု အစီရင်ခံစာက ခန့်မှန်းထားသည်။

တရုတ်သည် လွန်ခဲ့သည့်နှစ်တွင် နောက်ထပ် 114GW ထုတ်လုပ်နိုင်သော ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများကို ၂၀၂၂ ခုနှစ်မှစ၍ ၁၀ ရာခိုင်နှုန်း တိုးခဲ့သည်။

ပိုမိုသန့်စင်သောလျှပ်စစ်မီးပြင်းဖိုနည်းပညာကဲ့သို့သော နည်းလမ်းသစ်များဖြင့် သံမဏိကဏ္ဍ၏ ကာဗွန်ဒိုင်အောက်ဆိုဒ်လျှော့ချခြင်းသည် တရုတ်နိုင်ငံတွင် နောက်ကျကျန်နေပြီဖြစ်ကြောင်း သုတေသနပြုချက်များက ဖော်ပြနေသည်။

သဘာဝဓာတ်ငွေ့သုံးစွဲမှုသည် ၂၀၅၀ ခုနှစ်တွင် ၂၀၂၂ ခုနှစ်ကနှုန်းထက် ၂ ရာခိုင်နှုန်းမျှသာ နည်းလိမ့်မည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။

သို့သော် တရုတ်နိုင်ငံသည် ကဏ္ဍအချို့ အထူးသဖြင့် ကုန်ထုတ်လုပ်မှုတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်လျှော့ချမှုကို အရှိန်မြှင့်မည်ဆိုပါက ၂၀၆၀ ခုနှစ်တွင် ကာဗွန်ကင်းစင်ရေးရည်မှန်းချက်ကို ပြည့်မီရန် နီးကပ်နေပြီဟု အစီရင်ခံစာက ဆိုသည်။

သို့သော် ဇီဝစွမ်းအင်နှင့် လျှပ်စစ်လောင်စာများကဲ့သို့ အခြားရွေးချယ်စရာများကို အသုံးပြုမှုကြောင့် လေကြောင်းအတွက် ဆီလိုအပ်မှုပမာဏသည် ၂၀၂၂ ခုနှစ်တွင် ၉၉ ဒသမ ၆ ရာခိုင်နှုန်းရှိရာမှ ၂၀၅၀ ခုနှစ်တွင် ၅၉ ရာခိုင်နှုန်းအထိ ကျဆင်းပေလိမ့်မည်။

ရေနံနှင့် ဓာတ်ငွေ့များနေရာတွင် ပြည်တွင်းထုတ် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ သို့မဟုတ် နျူကလီးယားဖြင့် အစားထိုးကာ ၂၀၅၀ ခုနှစ်တွင်  ကာဗွန်ထုတ်လုပ်မှုလုံးဝမရှိအောင် ပိုလျင်မြန်စွာပြောင်းလဲခြင်းသည် စွမ်းအင်အမှီအခိုကင်းမှုကို သိသိသာသာ တိုးတက်စေမည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။