အိန္ဒိယဘက်မှ ကုန်သွယ်ရေးလမ်းကြောင်းဆက်ပိတ်ထားပါက ပလက်ဝဒေသ အငတ်ဘေးကြုံနိုင်ဟုဆို

လောင်တလိုင်မြို့တွင်စက်သုံးဆီများသယ်ဆောင်လာသည်ကိုမြင် ရစဥ်(ပုံဟောင်း)ဓါတ်ပုံ – လိုင်ရမ်းတိုင်းမ်း

ပါခွီး

(မဇ္စျိမ) ။ ။အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်မှကုန်သွယ်ရေးလမ်းကြောင်းပိတ်ထားသောကြောင့် ရေရှည်တွင် ပလက်ဝဒေသခံများ အငတ်ဘေးဆိုက်သည်အထိ အခက်ကြုံနိုင်ကြောင်း ပလက်ဝမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဆလိုင်းမျိုးထိုက်က မဇ္စျိမကိုပြောသည်။

“ပိတ်ရင်ပိုဆိုးဖို့ပဲရှိတယ်။ မြို့နယ်အတွင်းအငတ်ဘေးကြုံရနိုင်ပါတယ်။ ခုလည်း တချို့ပြည်သူတွေအငတ်ဘေး ကြုံနေရပါပြီ။ နေ့တိုင်းမြို့နယ်အတွင်းကနေ ထွက်တာရှိပါတယ်” ဟု ဆလိုင်းမျိုးထိုက်ကပြောသည်။

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်းမှ စက်သုံးဆီနှင့် စားသုံးကုန်ပစ္စည်းများကို မြန်မာနိုင်ငံဘက်သို့ တင်ပို့ရောင်းချခြင်းမပြုရန် ဒေသတွင်း သြဇာအရှိဆုံးအရပ်ဘက်အဖွဲ့ဖြစ်သည့် Central Young Lai Association (CYLA )က ဧပြီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ပြီးနောက် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပိတ်သွားခြင်းဖြစ်သည်။

CYLAက ဧပြီလ ၁၆ရက်မှ စတင်ပြီး မြန်မာဘက်သို့ စားနပ်ရိက္ခာနှင့် စက်သုံးဆီများတင်သွင်းခွင့်ပိတ်ပင်ခဲ့ပြီးနောက် ယနေ့(ဧပြီလ ၂၅ရက်)အထိတင်ပို့ခွင့်မရသေးကြောင်း သိရသည်။

“ဂိတ်တွေမှာတော့ စောင့်တာမရှိပေမဲ့ ဆိုင်တွေမှာ လူငယ်အဖွဲ့တွေကစောင့်တာ တော့ရှိတယ်။ညှိနှိုင်းနေတယ်လို့တော့ကြားတယ်။ အဆင်ပြေရင် ပြန်ပို့လို့ရမယ်တဲ့။ပို့လို့မရရင်တော့ ပလက်ဝက စားနပ်ရိက္ခာပြတ်လပ်တာနဲ့ကြုံပြီး ဒုက္ခရောက်နိုင်တယ်” ဟု လောင်တလိုင်မြို့ရှိ မြန်မာနိုင်ငံသားတဦးကမဇ္စျိမ ကိုပြောသည်။

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်ဘက်မှ ဆန်ဝင်ရောက်လေ့ရှိသော်လည်း အများအားဖြင့် မီဇိုရမ်ပြည်နယ်ဘက်မှ စားနပ်ရိက္ခာများကို မှီခိုနေရသည်။ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကောင်စီက ဖြတ်လေးဖြတ်ဖြင့် ဖြတ်တောက်ထားသောကြောင့်မီဇိုရမ်ပြည်နယ်မှ စက်သုံးဆီနှင့်လူသုံးကုန်ပစ္စည်းများကို ယခင်ကထက် ပိုမိုမှီခိုနေရသည်ဟု ဒေသခံအချို့ကပြောသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်သည် ပြီးခဲ့သည့် ဇန်နဝါရီလက စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး AAက ထိန်းချုပ်ခဲ့သည်။ စစ်ရှောင်ပြည်သူအများအပြား လည်းရှိပြီး ဒေသခံထက်ဝက်ခန့်မှာ စားဝတ်နေရေး နှင့် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်များရှိနေသည်ဟု သိရသည်။

ထိုအခြေအနေများကြောင့် နယ်စပ်ကုန်သွယ်‌ ရေးလမ်းကြောင်းအမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးရန် ဒေသခံများကတောင်းဆိုသည်။

ပလက်ဝမှမီဇိုရမ်ပြည်နယ်၊ ဇိုရမ်ပွီးအထိ ဖောက်လုပ်ထားပြီး အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ၆၈ မိုင်ရှည်သောကားလမ်းကို ယခုအခါ AAကထိန်းချုပ်ထားသည်ဟု သိရသည်။ ကုန်သွယ်ရေးအတွက် ဆွေးနွေးမှုများရှိကြောင်းသိရှိထားသော်လည်း အသေးစိတ်မသိရှိရသေးပေ။

စာတည်း – အေးချမ်း